24.11.13

ပြစ်ဒဏ်ကျခံ နေရဆဲဖြစ်သည့် ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များ နိုင်ငံရေး အကျဉ်းသား ဖြစ်မဖြစ် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီ အဖွဲ့ဝင်များအကြား သဘောထား ကွဲလွဲနေ

ပြစ်ဒဏ်ကျခံ နေရဆဲဖြစ်သည့် ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များ နိုင်ငံရေး အကျဉ်းသား ဖြစ်မဖြစ်နှင့် ပတ်သက်ပြီး လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီ အဖွဲ့ဝင်များအကြား သဘောထား ကွဲလွဲမှုများ ရှိနေကြောင်း အဆိုပါ ကော်မတီ အဖွဲ့ဝင်များ၏ ပြောကြားမှုများအရ သိရသည်။


ပြစ်ဒဏ်ကျခံ နေရသည့် တပ်မတော် ထောက်လှမ်းရေး အရာရှိဟောင်း ၂၁ ဦးကို နိုင်ငံရေး အကျဉ်းသားအဖြစ် စိစစ်သတ်မှတ်ရန်အတွက် နိုဝင်ဘာ ၁၉ ရက်က လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီ အဖွဲ့သို့ တင်ပြခဲ့ကြောင်းနှင့် နိုဝင်ဘာ ၂၃ ရက်တွင် ပြုလုပ်ခဲ့သည့် အဆိုပါ ကော်မတီ အစည်းအဝေးတွင်လည်း တရားဝင် စာတင်ခဲ့သည်ဟု ကော်မတီ အဖွဲ့ဝင်ဖြစ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။

"တပ်မတော် ထောက်လှမ်းရေး အရာရှိဟောင်း ၂၁ ဦးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်သဘောထားကို စာနဲ့လည်း တင်တယ်။ ဆွေးလည်း ဆွေးနွေးတယ်။ ကျွန်တော့် သဘောထားကတော့ သူတို့ထဲမှာ ၁၉၅၀ ပြည့်နှစ် အရေးပေါ် စီမံမှု ပုဒ်မ ၅(က)တို့ ၅ (ည)တို့နဲ့ ပတ်သက်တဲ့သူတွေ ပါတယ်။ သူတို့ဟာ နိုင်ငံရေးအရ အာဏာပြဿနာနဲ့ ပတ်သက်တဲ့အတွက် သူတို့ကို နိုင်ငံရေး အကျဉ်းသားအဖြစ် လွှတ်ပေးဖို့ တရားဝင် စာတင်ပါတယ်။ ဒါက ကျွန်တော်တင်တာပါ။ အများသဘော တူချင်မှ တူမှာပေါ့" ဟု နိုဝင်ဘာ ၂၃ ရက်က ပြုလုပ်ခဲ့သည့် လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီ အစည်းအဝေး အပြီးတွင် ကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။

ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များ၏ နောက်ခံအခင်းအကျင်းသည် နိုင်ငံရေး အခင်းအကျင်းများ ဖြစ်နေခြင်း၊ ၎င်းတို့သည် ရှေ့နေရှေ့ရပ် မပါဘဲ ခုခံခွင့် မရဘဲနှင့် တစ်ဖက်သတ် ပြစ်ဒဏ်စီရင် ချမှတ်ခံရသည့် သူများဖြစ်နေပြီး တရားမျှတသည့် တရားစီရင်မှု မရခဲ့သောကြောင့် လွှတ်သင့်သည်ဟု ယူဆကြောင်း ဦးသိန်းညွန့်က ဆိုသည်။

ထောက်လှမ်းရေး တပ်ဖွဲ့ဝင်ဟောင်းများနှင့် ပတ်သက်ပြီး ကော်မတီ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးရဲအောင်က "ကျွန်တော်တို့ အနေနဲ့ လူသားချင်း စာနာမှုအရ ထောက်လှမ်းရေးကိုမှ မဟုတ်ဘူး။ မည်သူ့ကိုမှ ထောင်ထဲမှာ မရှိစေချင်ပါဘူး။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ထောင်ထဲမှာ နေခဲ့ရတဲ့သူတွေ ဖြစ်တယ်။ ဒါပေမဲ့ ဒီထောက်လှမ်းရေးတွေက ပုဒ်မအရရော သဘောတရား အရရော နိုင်ငံရေး အကျဉ်းသားအနေနဲ့ သတ်မှတ်လို့ မရတဲ့အတွက် ကျွန်တော်တို့ နိုင်ငံရေး အကျဉ်းသား ခေါင်းစဉ်အောက်ကနေ လွှတ်မပေးဖို့ ကျွန်တော်တို့ စဉ်းစားပါတယ်။ ဆုံးဖြတ်ပါတယ်။ ဒါပေမဲ့ ထောက်လှမ်းရေး အပါအ၀င် နှစ်ရှည်လများ ထောင်ဒဏ်ကျနေသူတွေကိုတော့ သီးခြားခေါင်းစဉ်နဲ့ လူသားချင်း စာနာမှုအရ လွှတ်ပေးဖို့ဆိုတာ သမ္မတဆီကို တင်ပြသွားမှာပါ" ဟု ပြောကြားသည်။

၂၀၀၄ ခုနှစ် ကုန်ပိုင်းက တပ်မတော် ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်အား အဂတိ လိုက်စားမှု အကြောင်းပြချက်ဖြင့် ဖမ်းဆီးတရားစွဲဆိုခဲ့ကာ ဆိုင်းငံ့ပြစ်ဒဏ်ဖြင့် နေအိမ်၌ အကျယ်ချုပ် ၄၄ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ၎င်း၏ ထောက်လှမ်းရေး အဖွဲ့ကို ဖျက်သိမ်း၍ ထောက်လှမ်းရေး အဖွဲ့မှ အရာရှိကြီးများနှင့် တပ်ဖွဲ့ဝင်များအား ဖမ်းဆီးကာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ဇန်န၀ါရီတွင် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အမိန့်ဖြင့် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသော်လည်း ထောက်လှမ်းရေးတပ်မှ တပ်ဖွဲ့ဝင်များစွာ အကျဉ်းထောင်များတွင် ကျန်ရှိနေသေးကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment