12.11.13

ကိုယ်ဝန် ၄လ ရှိနေပြီလို့ ဖွင့်ဟလာတဲ့ ချောရတနာ

သရုပ်ဆောင်ချောရတနာနဲ့ သူမရဲ့ အမျိုးသား ကိုကျော်လင်းတို့ရဲ့ အိမ်ထောင်သက် ဟာ အခုဆိုရင်ဖြင့် ၁၁ လကြာမြင့်ခဲ့ပါပြီ။
အိမ်ထောင်ကျပြီးကတည်းက အနုပညာအလုပ်တွေ နားထားခဲ့သလို ရင်သွေးလေးလိုချင်နေပါပြီလို့ ခဏခဏဖြေလေ့ရှိတဲ့ မချောဟာ သူမမျှော်လင့်ခဲ့တဲ့ ရင်သွေးလေးကို မထင်မှတ်ပဲ ရနေခဲ့တာ ၄ လကျော်သွားပါပြီတဲ့။ ကိုယ်ဝန်ရှိနေမှန်းမသိခဲ့သလို ရင်ခေါင်းတောင့်တာလောက်ပဲရှိတဲ့အတွက် နေမကောင်းဖြစ်တယ်ထင်ပြီး ဘန်ကောက်မှာ Medical Check Upသွားလုပ်ရင်း ကိုယ်ဝန်ရှိနေကြောင်းသိခဲ့ရတာပါလို့ မချောကပြောပါတယ်။ သူမရဲ့ ကိုယ်ဝန်က ၄လကျော်သွားပြီဖြစ်ပြီး အိုဂျီ ဒေါ်ခင်လေးကြွယ်နဲ့အပ်ထားကာ ၀ိတိုရိယဆေးရုံမှာ မွေးဖွားမှာဖြစ်ကြောင်း သူမကပြောပါတယ်။ သက်ဦးလေးဖြစ်တဲ့အတွက် သူမရဲ့ ခံစားချက်က အရမ်းပျော်နေပါတယ်တဲ့။ ‘ကလေးလိုချင်နေတာကြာပြီ၊ ဘာလို့လဲဆိုတော့ချောတို့က အသက်ကြီးမှ အိမ်ထောင်ပြုတာဆိုတော့ ကလေးကိုချောရော၊ ချောအမျိုးသားရောကလိုချင်နေကြတာ။ အခုရနေပြီဆိုတော့ တအားပျော်ပါတယ်။ ပြီးတော့ ချောတို့ဖက်ကဆို မိန်းကလေးများတယ်။ ကိုကျော်လင်းတို့ဖက်ကကျတော့ ယောကျာ်းလေးများတော့ ဘာလေးပဲဖြစ်ဖြစ် မလိုချင်တာတော့မရှိပါဘူး။ သက်ဦးလေးဖြစ်တဲ့အတွက် ဘာလေးပဲဖြစ်ဖြစ်ကျေနပ်ပါတယ်။ ချောတို့ဖက်ကတော့ မြေးဦးလေးဆိုတော့ပျော်ကြတယ်။ ၀မ်းသာကြတယ်။ ကိုကျော်လင်းမှာက တူလေးတစ်ယောက်၊ တူမလေးတစ်ယောက်ရှိတော့ မြေးဦးတော့မဟုတ်ဘူး။ ဒါပေမဲ့ သူတို့လဲဝမ်းသာကြတယ်။ ချောရဲ့ ယောက္ခမကဆို ချောကိုသမီး အရင်းလိုပဲဆက်ဆံတယ်။ ဂရုလဲစိုက်တယ်။ ချောကလဲ အမေအရင်းလိုပါပဲ။ ချောကို အစစအရာရာဂရုစိုက်တဲ့အတွက် အရမ်း စိတ်ချမ်းသာရပါတယ်။’ လို့ချောရတနာက ပြောပြခဲ့ပါတယ်။ အခုဆိုရင် ကိုယ်ဝန်ရှိနေတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အစစအရာရာ ဂရုစိုက်နေပြီး အနားယူနေကြောင်းသူမရဲ့ သတင်းထူးကို စောင့်မျှော်နေကြတဲ့ ပရိသတ်ကို ပြောပြခဲ့ပါတယ်။

Trend Myanmar

0 comments:

Post a Comment