3.12.13

အိုင်းရင်းလုပ်သလို လိုက်လုပ်ချင်တဲ့သူကြောင့် အိုင်ရင်းပိုမိုရင့်ကျက်လာခဲ့တယ်လို့ဆိုတဲ့ အိုင်းရင်းဇင်မာမြင့်

Melody World ပြိုင်ပွဲက တဆင့်ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိလာခဲ့တဲ့ အိုင်းရင်းဇင်မာမြင့် ကို သူမရဲ့လတ်တလောအနုပညာလှုပ်ရှားမှုနဲ့ အတူ သူ့ရဲ့စိတ်ခံစားချက်တစ်ချို့ကိုပြောပြဖြစ် ခဲ့တာကတော့

အိုင်းရင်းရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုလေးတွေ ပြောပြပေးပါ။

အိုင်းရင်း အခုလတ်တလောမှာတော့ ရန်ကုန်နဲ့ နယ်တွေမှာရိုးတွေ ဆိုဖို့ရှိပါတယ်။ ဒင်နာနဲ့ မိတ်ဆုံစားပွဲတွေမှာလည်း သီချင်းဆိုပေးဖို့ရှိပါတယ်။

နှလုံးသားအရင်းအနှီးသီချင်းနဲ့ပတ်သက်ပြီး ပရိသတ်ကြိုက်နှစ် သက်ကြတဲ့အတွက် ကိုယ့်ရဲ့ စိတ်ဖီလင်လေးကိုပြောပြပေးပါ။



အဲဒီသီချင်းလေးကို ပရိသတ်ကြိုက် နှစ်သက်လိမ့်မယ်လို့ မမျှော်လင့် ခဲ့မိပါဘူး။ ဘာပဲဖြစ်ဖြစ် နှလုံးသားအရင်းအနှီးသီချင်းလေးက အိုင်းရင်းအတွက် ဂီတလောကမှာ မှတ်တိုင်တစ်ခု ဖြစ်ခဲ့ပါတယ်။ Shwe FMမှာ popular singer award 2013 ဆုကိုရခဲ့ပါတယ်။ ပရိသတ်တွေရဲ့ ရင်ထဲက လှိုက်လှိုက် လှဲလှဲနဲ့အားပေးတဲ့ ခံစားချက်မှန်းသိရလို့ အရမ်းဝမ်းသာပါတယ်။ အိုင်းရင်းဇင်မာ မြင့်ဆိုတာနဲ့ ပရိသတ်က နှလုံးသားအရင်းအနှီးနဲ့တွဲပြီးသိသွားကြတဲ့အတွက် ကျေနပ်အားရခဲ့ပါတယ်။ နှလုံးသားအရင်းအနှီးနောက်မှာပဲ ပရိသတ်ရဲ့ ဆက်လက် စိတ်ဝင်စားမှုကြောင့် ယိမ်းလိုက် အခွေကိုသိသွားကြတယ်လို့ ပြောရမှာပေါ့။

နှလုံးသားအရင်းအနှီးသီချင်းကို ပရိသတ်တအား ကြိုက်ခဲ့တာကြောင့် ဘယ်လိုပုံစံမျိုးနဲ့ ဗီစီဒီရိုက် ကူးသွားဖို့ စိတ်ကူးမိလဲဆိုတာသိပါရစေ။

စဉ်းတော့စဉ်းစားဖြစ်တယ်။ ဒါပေမယ့် တစ်ခါစဉ်းစားလိုက်တိုင်း တစ်မျိုးထွက်နေတယ်။ ကိုယ့်သီချင်းက တအားလူကြိုက်များခံခဲ့ရတဲ့ သီချင်းဆိုတော့ ကိုယ့်ရဲ့ သီချင်းမှာလည်း ပါဝင်ပြီး သရုပ်ဆောင်ချင်တဲ့ စိတ်ကူးမျိုးလည်းဝင်မိပါတယ်။ သီချင်းမှာ အရမ်းပေါက်ခဲ့လို့ ဗီစီဒီရိုက်တဲ့အခါ မှာအားနည်းသွားတယ်လို့လဲ ထင်မိမှာကြောက်လို့ ဒါရိုက်တာတွေနဲ့သေချာတိုင်ပင် ပြီးမှရိုက်ဖြစ် သွားမှာပါ။

ကိုယ့်ကိုကိုယ် အခုချိန်မှာ အောင်မြင်မှုအတိုင်းအတာတစ်ခုမှာ ရောက်နေပြီလို့ ထင်ပါသလား။

အရင်ကထက် စာရင် အခုချိန်မှာရှေ့ကိုအများကြီးရောက်လာပြီလို့ ထင်ပါတယ်။ ပြီးတော့ အိုင်းရင်းဇင်မာမြင့် ဆိုပြီးသီချင်းလေးတွေ ပြစရာရှိလာ ပြီဖြစ်တယ်။ အရင်ကအသစ်တစ်ယောက် ဖြစ်တဲ့အတွက် သီချင်းဆိုတဲ့အခါ ကိုယ့်ကိုကိုယ် အသစ်တစ်ယောက် ဆိုပြီးစိတ်ထဲမှာ အားမလိုအားမရနဲ့ အားငယ်မှုတွေဖြစ်ခဲ့ဖူးတယ်။ ဘာပဲ ဖြစ်ဖြစ် အခုချိန်မှာတော့ အရင်ကထက်ပိုပြီး တိုးတက်လာတယ်လို့ထင်ပါတယ်။

ဂီတနဲ့ ပတ်သက်ပြီးတော့ ကိုယ့်ကိုကိုယ် အရည်အသွေးဘယ်လောက် ပြည့်ဝတယ်လို့ မှတ်ထင်ထားဖူးပါသလဲ။

အိုင်းရင်းက ငါတော်တယ် ၊တတ်တယ်လို့ အတွေးမျိုးတော့ မတွေးခဲ့မိပါဘူး။ ငါတော်တယ် တတ်တယ်လို့ တွေးပြီဆိုလိုက်တာနဲ့ ကျဆုံးဖို့က အရမ်းနီးစပ်နေပြီဆိုတာကို သိထားပါတယ်။ မှတ်လည်းမှတ် သားပါတယ်။ အိုင်းရင်းကဘယ်နေရာပဲရောက် ရောက်ကိုယ့်ကိုကိုယ် ရောင့်ရဲတင်းတိမ် နိုင်တဲ့စိတ်လေးတော့ မွေးထားပါတယ်။ ပြီးတော့ ငါအတော်ဆုံး၊ ငါအတတ်ဆုံးလို့ ဘယ်တော့မှ မတွေးခဲ့ဘူး။ သေချာတာတစ်ခုကတော့ အိုင်းရင်း ၅နှစ်သမီးအရွယ်ကတည်းက ဘုရားကျောင်းမှာ သီချင်းဆိုခဲ့ဖူးတာဆိုတော့ အခုချိန်၂၃၊၂၄ နှစ်မှာပြန်တွက် ကြည့်လိုက်ရင်၁၀ စုနှစ် စာလောက် သီချင်းနဲ့ပတ်သက် ပြီးအတွေ့အကြုံတွေတော့ ရှိခဲ့တာပေါ့။ အနုပညာလမ်းကြောင်းပေါ် မှာရောက်ရှိလာတဲ့ ၀ါကနည်းသေးပေမဲ့ သီချင်းဆိုခဲ့တဲ့ သက်တမ်းကတော့ ကြာပြီဆိုတဲ့ အားသာချက် တစ်ခုလောက်ပဲရှိခဲ့တာပါ။ ကိုယ့်အသံနဲ့ ကိုယ့်သီချင်းနဲ့ကိုထိန်းချုပ်နိုင်တာတော့ရှိတယ်လို့ ထင်ပါတယ်။

အိုင်းရင်းအနေနဲ့ ပြိုင်ဘက်လို့ သဘောထားတဲ့သူမျိုးရှိသလား။

အိုင်းရင်းက နဂိုကတည်းက သီးသန့်တစ်ယောက်တည်းနေတတ်တဲ့ အကျင့်ရှိတော့ အိုင်းရင်းဘ၀မှာ ပြိုင်ဘက်လို့ သဘောထားခဲ့တဲ့သူမျိုး မရှိခဲ့ပါဘူး။

ကိုယ့်ကိုပြိုင်ဘက်လို့ သဘောထားခဲ့တဲ့သူမျိုးတွေနဲ့ရော တွေ့ကြုံခဲ့ဖူးပါသလား။

တွေ့ခဲ့ဖူးပါတယ်။ အိုင်းရင်းလုပ်တဲ့အရာကိုမှ သီးသန့်လိုက် လုပ်ချင်တဲ့ သူမျိုးပေါ့။

အိုင်းရင်းက တကယ့်ကို ကြိုးစားပမ်းစားနဲ့ သီဆိုခဲ့တယ်။ ဒါပေမဲ့ သူက ကလန့်ကာရှေ့ ထွက်တဲ့အခါမှာ သူဆိုချင်တယ်။ သူ့ရဲ့ကိုယ်ပိုင်သီချင်းလို သူလုပ်ပြချင်တယ်။ ပြီးတော့ဒီပွဲကြီးက လည်း အရမ်းကြီးတဲ့ Sea Gamesပွဲဆိုတော့ သီချင်းကလည်း အင်္ဂလိပ်လိုဆိုရတာလည်းဖြစ်တော့ သူကအိုင်းရင်းကို ဂိုက်တစ်ယောက်လိုပဲ သဘောထားခဲ့တယ်။ ပြီးတော့ ငွေနဲ့လဲပြီးဝယ်သွားခဲ့တယ်။ အိုင်းရင်းဆိုတဲ့အတိုင်းပဲ သူက တစ်ပုံစံတည်းဆိုသွားခဲ့တယ်။ ကလန့်ကာရှေ့ ရောက်တော့ သူကပြုံးပျော်ပြီး ဆိုနေတာပေါ့။ ဒါပေမဲ့အိုင်းရင်းကတော့ လက်ခုပ်တီးပြီး အားပေးလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် တရားကိုနတ်စောင့်ပါတယ်။ လူဆိုတာမျိုးက စိတ်ခံစားချက် ဖီလင်တော့ရှိတာပေါ့နော်။ ဒါပေမဲ့ အိုင်းရင်းဘက်က သူ့အပေါ်မှာမေတ္တာနဲ့ပဲ နားလည်ပေးလိုက် ပါတယ်။ မေတ္တာဆိုတာလည်း ရောင်ပြန်ဟပ်တတ်ပါတယ်။ ကိုယ့်ရဲ့ ကုသိုလ် ကံကိုကဒီလိုမျိုး ကြုံတွေ့ ရဖို့ပါလာ ပြီးသား ဖြစ်လို့ နေမှာပါ။

အဲဒီလိုအဖြစ်အပျက်နဲ့ တွေ့ကြုံလာရတဲ့ အခါမှာကိုယ့်ရဲ့ ဘက်မှာရပ်တည် ပေးတဲ့ သူတစ်ဦးတစ်ယောက်မှ မရှိခဲ့ကြဘူးပေါ့။

ညီမက ရိုးရိုးရှင်းရှင်းပဲနေတတ်သူတစ်ယောက်ဆိုတော့ ကိုယ်စိတ်မကောင်းလို့ကျခဲ့ရတဲ့ မျက်ရည်တွေ လည်းရှိခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီမျက်ရည် တွေအားလုံးကလည်းပြီးသွားပြီလို့ ပဲသဘောထားလိုက်ပါတယ်။ သူတို့ဘက်မှာလုပ်ပေးတဲ့ သူကများပါတယ်။ ကိုယ့်ဘက်မှာကျတော့ ကိုယ်ကရှင်းရှင်းပဲနေချင်တာများတော့ ဘယ်သူ့ကိုမှလဲ အကူအညီမတောင်းခဲ့သလိုဘယ်သူ့ကိုမှ လဲဒီသီချင်းလေး တစ်ပုဒ်အတွက်နဲ့ ဆရာမခေါ် ချင်တဲ့အတွက် ကိုယ်လိုချင်တဲ့ အရာကိုပေးလိုက်တာပါ။ ပေးလိုက်တော့ လည်းဆိုပေါ့။ ဆိုပြီးသွားရင် လည်းဒါတွေ ကပြီးသွားမဲ့ အရာပါ။ ဒီသီချင်းလေးများ တီဗီပရိုဂရမ်မှာလာခဲ့ရင် တစ်ချက်တစ်လေလောက်တော့ ကြည့်ဖြစ် ပါတယ်။ ကြည့်ဖြစ်တယ်ဆိုတာကလည်း ကိုယ့်ကိုယ်ကိုယ်ရင့်ကျက်မှုရှိလာအောင်ပါ။ အရင်က မရင့်ကျက်ခဲ့တဲ့ အိုင်းရင်းအတွက် အခုချိန်မှာသူလုပ်ပေးလိုက်လို့ ကိုယ့်အနေနဲ့ ရင့်ကျက်မှုတွေ ရှိလာလို့သူ့ကိုကျေးဇူးတင်မိပါတယ်။

ကိုယ့်အပေါ်မှာ အဲဒီလိုလုပ်ခဲ့ တဲ့သူတစ်ယောက်နဲ့ တွေ့တဲ့ အခါမှာသူ့ရဲ့ ဆက်ဆံမှုကဘယ် လိုပုံစံမျိုးနဲ့ ကိုယ့်အပေါ်မှာဆက်ဆံပေးပါသလဲ။

ကိုယ်နဲ့ မျက်နှာချင်းဆိုင်တွေ့တဲ့ အခါမှာကိုယ့်ကိုသူက ပြုံးပြုံးပဲဆက်ဆံတယ်။ သူပြုံးပြတော့ ကိုယ်လည်း ပြုံးပြလိုက်ပါတယ်။ အပြုံးချင်းကတော့ တူချင်မှတူမှာပေါ့နော်။

ပရိသတ် အတွက် အမှတ်တရစကားပြောပြပေးပါအုံး။

အိုင်းရင်း ဒီနေ့ဒီအချိန် ဖြစ်လာဖို့ အတွက် အခက်အခဲတွေနဲ့ကြုံခဲ့၊ ဖြတ်သန်းလာခဲ့ ရသလို ပရိသတ်ပေးတဲ့ အားပေးမှု၊ လက်ခုပ်သံတွေကြောင့် ဒီနေ့ဒီအချိန်လေးကိုရောက်လာခဲ့တာပါ။ ကိုယ့်ကိုလက်ခံတဲ့ ပရိသတ်တွေ ရော၊ လက်မခံသေးတဲ့ပရိသတ်တွေ ရောကျေးဇူးတင်ပါတယ်။ လာမဲ့နေ့ရက်တွေမှာ အိုင်းရင်းရဲ့အနုပညာလှုပ်ရှားမှုတစ်ခုချင်းစီကိုလဲ အားပေးပါဦးလို့ ပြောချင်ပါတယ်။

စန္ဒီ
Trend Myanmar

0 comments:

Post a Comment