16.12.13

ထိုင်းနဲ့ပွဲမှာ ကမ္ဘာ့အဆင့်ကိုပြတဲ့ မြန်မာ့ပရိသတ်

ဆီးဂိမ်းဖွင့်ပွဲအပြီး နိုင်ငံခြားမီဒီယာတစ်ခုက မြန်မာကို အိပ်ပျော်နေတဲ့ အာရှရဲ့ ဘီလူးကြီး နိုးထလာပြီလို့ တင်စားသွားခဲ့ပါတယ်။ မနေ့က ထိုင်းနဲ့ပွဲမှာ အားပေးသွားတဲ့ မြန်မာပရိသတ်တွေက အဲဒီတင်စားမှုနဲ့ ထပ်တူကျအောင် သက်သေပြသွားခဲ့ပါတယ်။
ထိုင်းအသင်းဆိုတာ မြန်မာနဲ့ ရာဇဝင်ရှိတဲ့ အသင်းတစ်သင်းဖြစ်သလို ဆုံတွေ့တိုင်းလည်း

အကြိတ်အနယ်မြင်ကွင်းတွေ၊ ပြဿနာတွေရှိနေခဲ့တာပါ။ တကယ်ဆို ထိုင်းနဲ့ တစ်ဂိုးစီ သရေကျတဲ့ ရလဒ်ကို ဘယ်မြန်မာမှ သဘောမကျပါဘူး။ ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်ပရိသတ်ရှေ့မှာ နိုင်ကိုနိုင်ရမယ်လို့ မြန်မာအားလုံးက ယုံကြည်ထားခဲ့ကြတာပါ။ ဒါပေမယ့် တကယ်ကန်တော့ သရေပဲရပါတယ်။ ဒါပေမယ့် မြန်မာတွေ အမြတ်ထွက်ခဲ့ပါတယ်။ နောက်ပိုင်းနှစ်တွေမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မြန်မာပရိသတ်နဲ့ မြန်မာကစားသမားတွေ ကမ္ဘာကလေးစားရမယ့် စိတ်ဓာတ်နဲ့ အားပေးမှုကို ပြသသွားခဲ့ပါတယ်။ ပထမပိုင်းမှာ မြန်မာကစားသမားနဲ့ ထိုင်းကစားသမားတွေ ငြိတုန်း ဒိုင်လူကြီးက နှစ်ဖက်လုံးကို အဝါကတ်ပြချိန်မှာကော၊ ထိုင်းအသင်း ချေပဂိုးသွင်းချိန်မှာကော၊ ထိုင်းကစားသမားတွေ အောင်ပွဲခံချိန်မှာကော၊ အချိန်ဆွဲတဲ့ အချိန်တွေမှာပါ မြန်မာပရိသတ်တွေက တည်တည်ငြိမ်ငြိမ်ပါပဲ။ အရင်လိုဆို ရေသန့်ဘူးနဲ့ ပေါက်မယ်၊ ဒိုင်ကိုဝိုင်းဆဲမယ်၊ ဖရုသဝါစာတွေကို သံပြိုင်အော်မယ်၊ မနိုင်ရင် ကိုယ့်အသင်းလည်း ကိုယ်ပြန်ဆဲမယ် ဒါမျိုးတွေပေါ့။ အခုတော့ လုံးဝ ထင်မှတ်မထားလောက်အောင်ကို မြန်မာပရိသတ်က နိုင်ငံကြီးသား ပီသပြနေတာပါ။ တူညီဝတ်စုံတွေဝတ်မယ်၊ နိုင်ငံတော်သီချင်းကို သံပြိုင်ဆိုမယ်၊ မြန်မာ မြန်မာလို့ စည်းချက်ညီညီအော်မယ်၊ စည်းကမ်းရှိရှိအားပေးမယ်၊ ပြိုင်ဘက်ပရိသတ်နဲ့ ကစားသမားတွေကို လေးစားမယ်၊ သိပ်ကိုလေးစားဖို့ ကောင်းတဲ့ စိတ်ဓာတ်နဲ့ အပြုအမူတွေပါ။ ပိုပြီးအားရဖို့ ကောင်းတာက ပရိသတ်အများစုက နိုင်ငံရဲ့အနာဂတ်ဖြစ်တဲ့ လူငယ်တွေဖြစ်နေတာပါ။ မြန်မာတွေ ရင့်ကျက်လာပါပြီ။ ဒီမိုကရေစီနဲ့ ထိုက်တန်လာပါပြီ။ အစိုးရက ဖွင့်ပွဲမှာ မြန်မာ့အားမာန်ကို ပြခဲ့ပြီး တာဝန်ကျေခဲ့သလို၊ ပရိသတ်ဖြစ်တဲ့ မြန်မာနိုင်ငံသားတွေလည်း တာဝန်ကျေခဲ့ပါပြီ။ သတိထားမိတာလေးတစ်ခုက မြန်မာပြည်သူနဲ့ မြန်မာအစိုးရ အခုလို တက်ညီလက်ညီ တာဝန်ကျေနေကြတာကို မြန်မာပြည်မှာ မမြင်ရတာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ ဆီးဂိမ်းမှာမြင်နေရတဲ့ မြန်မာတွေရဲ့စိတ်ဓာတ်၊ စည်းကမ်း၊ ညီညွှတ်မှု၊ ခွန်အားတွေနဲ့သာ ရှေ့ဆက်ပြီးလျှောက်နိုင်ခဲ့မယ်ဆိုရင် နိုင်ငံခြားမီဒီယာက တင်စားသွားသလို အိပ်ပျော်နေတဲ့ အာရှရဲ့ဘီလူးကြီး နိုးထလာဖို့က သိပ်မကြာနိုင်တော့ပါဘူး။မြန်မာနိုင်ငံအတွက်ငါတို့ ဂုဏ်မယူနိုင်တာကြာခဲ့ပါပြီ။ အခုငါတို့ ဖွင့်ပွဲအတွက်ကော ပရိတ်သတ်အတွက်ကော ဂုဏ်ယူနိုင်ခဲ့ပြီ။ ငါတို့ အားလုံမြန်မာနိုင်ငံအတွက်ဂုဏ်ယူလိုက်ကြရအောင်...

Credit To မြန်မာ့အလှ

0 comments:

Post a Comment