4.4.16

အီရတ်အစိုးရတပ်များက IS အကျဉ်းထောင်ကြီးတစ်ခုထဲမှ အကျဉ်းသား ၁၅၀၀ ၀န်းကျင်ကို ပြန်လွှတ်


အီရတ်အစိုးရတပ်ဖွဲ့များသည် နိုင်ငံအနောက်ပိုင်းရှိ မြို့တစ်မြို့ကို IS ဂျီဟတ်တို့ လက်မှ ပြန်လည်သိမ်းပိုက်ရန် ကြိုးပမ်းသည့် စစ်ဆင်ရေးတစ်ခုအတွင်း IS တို့၏ မြေအောက်အကျဉ်းထောင်ထဲမှ အကျဉ်းသားများစွာကို လွှတ်ပေးခဲ့ကြောင်း အစိုးရအရာရှိများက ဧပြီ ၂ ရက်တွင် ပြောကြားခဲ့သည်။
IS တို့ သိမ်းပိုက်ထားသော အန်ဘာပြည်နယ်ထဲမှ လူနေအထူထပ်ဆုံး နေရာတစ်ခုဖြစ်သည့် ဟိမြို့၏ တစ်စိတ်တစ်ပိုင်းကို အစိုးရလုံခြုံရေးတပ်ဖွဲ့များက ပြန်လည်သိမ်းယူခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ဟိမြို့၏ ကျန်နေရာများမှာ ဂျီဟတ်တို့၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေဆဲဖြစ်သည်။

“ဟိမြို့ကို IS အုပ်စုရဲ့ လက်ကနေ လွတ်မြောက်အောင် ကြိုးပမ်းခဲ့တဲ့ စစ်ဆင်ရေးအတွင်းမှာ လုံခြုံရေးတပ်ဖွဲ့တွေဟာ ကြီးမားတဲ့ အကျဉ်းထောင်တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ကြပါတယ်”ဟု ရဲမှူးကြီး ဖက်ဒယ်အယ်နမ်ရာဝီက ပြောကြားခဲ့သည်။  ထိုအကျဉ်းထောင်သည် မြေအောက်တွင် တည်ရှိပြီး လူပေါင်း ၁၅၀၀ ခန့်ကို ထိန်းသိမ်းထားကြောင်း၊ ထိုလူများအားလုံးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လွှတ်ပေးလိုက်ကြောင်း နမ်ရာဝီက ပြောကြားခဲ့သည်။

အန်ဘာပြည်နယ်၏ အစိုးရအရာရှိ တစ်ဦးဖြစ်သော မာလယ်လာအယ်အိုဘိုင်ဒီကလည်း ထိုထောင်ကြီးထဲ၌ အကျဉ်းသားဦးရေမှာ ၁၅၀၀ ၀န်းကျင်ခန့် ရှိကြောင်း ပြောကြားခဲ့ပြီး ယင်းတို့အနက် အများစုမှ အရပ်သားများ ဖြစ်သည်ဟု သိရသည်။
ဟိဒေသဆိုင်ရာ အရာရှိတစ်ဦးဖြစ်သည် မူဟန်နက်အယ်ဒူလိုင်မီကလည်း မြို့ထဲ၌ ထောင်ကြီးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ခြင်းကို အတည်ပြုခဲ့ပြီး လူမည်မျှ ထိန်းသိမ်းထားကြောင်းကိုမူ မပြောကြားခဲ့ပေ။ IS တို့သည် ၂၀၁၄ ခုနှစ်ကတည်းက ဘဂ္ဂဒက်မြို့၏ အနောက်ပိုင်းနှင့် မြောက်ပိုင်းရှိ နေရာအများအပြားကို ထိန်းချုပ်ထားခဲ့သည်။ သို့သော်လည်း အစိုးရလုံခြုံရေးတပ်ဖွဲ့များသည် ဂျီဟတ်တို့လက်မှ အဓိကကျသည့် နယ်မြေအချို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

အန်ဘာပြည်နယ်၏ မြို့တော်ရာမာဒီကို အစိုးရက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဂျီဟတ်တို့လက်တွင် ရှိနေသေးသည့် အန်ဘာပြည်နယ်အတွင်းရှိ ဒေသများအနက် ဟိနှင့် ဖာလူဂျာမြို့တို့သည် လူနေအထူထပ်ဆုံး မြို့များဖြစ်ကြသည်။

အီရတ်သည် ဟိမြို့ကို ပြန်သိမ်းနိုင်ရန် မတ်လလယ်ကတည်းက ကျယ်ပြန့်သည့် စစ်ဆင်ရေးကို စတင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဘဂ္ဂဒက်မှ ဆန္ဒပြသူများကို ကာကွယ်ရန် အန်ဘာစစ်ဆင်ရေးထဲမှ တပ်ဖွဲ့ဝင် အများအပြားကို ပြန်လည်ခေါ်ယူခဲ့ရသဖြင့် ယင်းစစ်ဆင်ရေးမှာ နှောင့်နှေးနေရခြင်း ဖြစ်သည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment