4.4.16

ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားမှုများလာ သည့် ရွှေအင်းတိန် ရှေးဟောင်း သမိုင်းဝင်စေတီပုထိုးများ


ဘီလူးချောင်းမှစီးဆင်းလာသောရေသည် ကြေးပေါခုံရွာ စက်လှေဆိပ်အနီးရှိ ဆည်ရေတံခါးပေါ်မှ အရှိန်ဖြင့်စီးဆင်းလျက်ရှိရာ ဝန်းကျင် သည် ရေငွေ့ဖြင့် အေးစိမ့်လျက်ရှိသည်။ စိမ်းစိုနေသော ဝါးတောလေး ကလည်း စက်လှေဆိပ်မှတက်လာသော ကမ္ဘာလှည့်ခရီးသွားတို့၏ အမောကိုပြေပျောက်စေပါသည်။ အေးစိမ့်နေသောတောအုပ်အုပ်နှင့် ဂီတသံပမာစီးဆင်းနေသော ရေဖွေးဖွေးကို တွေ့မြင်ရသည့်နည်းတူ ဥရောပစတိုင်စားသောက်ဆိုင်အနီးမှ ဝါးပိုးဝါးများ အစီအရီပေါက်နေသော ဝါးတောလေးကလည်း အင်းတိန်ရှေးဟောင်းစေတီများသို့ လာရောက်လေ့လာသော နိုင်ငံခြားသားများကို မှတ်မှတ်ရရ ဆွဲဆောင်လျက်ရှိနေပါသည်။

ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးကန်အနီးတွင် ရှိသော ရှေးဟောင်းစေတီများ ရှိရာ အင်းတိန်ဘုရားတွင် စေတီပေါင်း 
၁၀၅၄ ဆူရှိကာ ပြုပြင်ပြီး စေတီပေါင်း ၄၀၀ ကျော်ရှိပါ သည်။ နိုင်ငံခြား သားများက ပြုပြင်ပြီးသော စေတီများထက် မူလပုံစံအတိုင်း ရှိသော စေတီတို့ကိုပို၍ စိတ်ဝင်တစားလေ့လာကြကြောင်း သိရပါသည်။ ထို့သို့လေ့လာရာတွင် ဂျာမနီနိုင်ငံ ခရီးသွားများက ပို၍စိတ်ဝင်တစား လေ့လာတတ်ကြသည်။
ရှေးဟောင်းသမိုင်းဝင် ရွှေအင်းတိန်ဘုရားကို သီရိဓမ္မာ သောကမင်းကြီးက သာသနာသက္ကရာဇ် ၂၀၀ ခုနှစ်ကျော်တွင် တည်ထားကိုးကွယ်ခဲ့ပြီး သရီရ ဓာတ်တော်(မွေတော်)ကို ဌာပနာထားပါသည်။ ရွှေအင်းတိန်ဘုရားကို ဦးစွာပြုပြင်ခဲ့သော မင်းမှာ ပထမမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သည့် အနော်ရထာမင်းကြီးဖြစ်သည်။ ထပ်မံပြုပြင်သောမင်းတို့မှာ နရပတိ စည်သူမင်း၊ မိုးညှင်းမင်းတရားကြီး၊ မင်းရဲကျော်စွာ၊ မင်းခေါင် ရှင်ဖြူရှင်မင်းတို့ဖြစ်သည်။
ရွှေအင်းတိန်ဘုရား၏ ဝန်းကျင်တွင်အရန်စေတီပေါင်း ၁၀၅၄ ဆူနှင့်အတူ စောင်းတန်းအရှည် ၃ ဒသမ ၃ ဖာလုံအတွက် တိုင်အလုံးပေါင်း ၄၀၃ တိုင်ဖြင့် စက်လှေဆိပ်မှ ဘုရားပေါ်ထိ စောင်းတန်းထား ရှိ ပေးထားပါသည်။ နိုင်ငံခြားသားအများစုမှာ ဘုရားသို့ စေတီ များကို လေ့လာရန်ကားနှင့်ဖြစ်စေ၊ ခြေကျင်ဖြစ်စေသွားတတ်ကြပါသည်။ ရွှေအင်းတိန်ဘုရား၏ ရင်ပြင်တော်တွင် ရွှေရောင်ဝင်းနေသောစေတီ၏ ထီးတော်မှ ခေါင်းလောင်းသံမှာ စေတီတော်တစ်ဝိုက်ကို လွှမ်းမိုးလျက် ရှိသည်။ ရှေးဟောင်းစေတီလေးများကို မြင်တွေ့ရသည်မှာ ထုထည်ကြီးမားစွာ တည်ရှိသည့် ပုဂံမှစေတီများနှင့် တစ်မူကွဲပြားသည့်အတွက် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်စေပါသည်။
အင်းတိန်ဘုရားတွင်ရှိသောစေတီတော်များကို ဘီစီ ၃ ရာစုခန့်က တည်ထားခဲ့ပြီး စေတီအများစုကို ၁၇၊ ၁၈ ရာစုခန့်ကဟု သုတေသီအချို့က ခန့်မှန်းထားကာ အစောဆုံးစေတီသည် ၁၄ ရာစုကဟု ဆိုပါသည်။ လွန်ခဲ့သည့်နှစ်များက စေတီများမှာ ချုံနွယ်များ ပိတ်ဆို့နေ၍ နောက်ပိုင်းတွင် ဘုရားဂေါပကအဖွဲ့နှင့် ကြေးပေါခုံရွာသားများက ရှင်းလင်းခဲ့ရာ ယခုအခါ တစ်နှစ်တစ်ခါ စေတီများအားလုံးကို ရှင်းလင်းဆောင်ရွက်နေ ပြီဖြစ်သည်။ စေတီများသည် ချုံနွယ်ပိတ်ပေါင်းတောအုပ်ထဲတွင် အချိန်ကြာမြင့်စွာ တည်ရှိခဲ့သည့်အတွက် စေတီအချို့မှာယခုအချိန်တွင် ရာသီဥတုဒဏ်ကြောင့်ပျက်စီးခဲ့ပြီး စေတီအချို့ကို ရှေးဟောင်းသုတေသနဌာနမှ ထိန်းသိမ်းစောင့်ရှောက်ခဲ့သည့်အတွက် ကမ္ဘာလှည့်ခရီးသွားတို့ အတွက် လေ့လာစရာများဖြင့် မြန်မာမှုလက်ရာတို့၏ တန်ဖိုးကိုအသိအမှတ်ပြုခဲ့ပြီ ဖြစ်သည်။
ကြေးပေါခုံစက်လှေဆိပ်အနီးတွင် ရှေးဟောင်းစေတီအဆူ ၂၀ ကျော် ရှိပြီး နိုင်ငံခြားသားများ စတင်စိတ်ဝင်တစားလေ့လာ တတ်ပါသည်။ ယခင်က ပြုပြင်ထိန်းသိမ်းမှု မရှိသည့်အတွက် စေတီအတွင်း ကိန်းဝပ်သော ရုပ်ပွားတော်များ ပျက်စီးခဲ့ပြီး ယနေ့အခါ သမိုင်းအထောက်အထားအဖြစ် အစားထိုး၍မရသော အရာများပင်ဖြစ်သည်။ စေတီအချို့၏ရုပ်ပွားတော် မျက်နှာတော်နှင့် သင်းကျစ်တော်တို့တွင် ရွှေပြားများဖြင့် ပူဇော် ထားလေ့ရှိကြောင်း ရွာခံရွှေအင်းတိန်ဂေါပက အဖွဲ့ဝင်တစ်ဦး က ပြောသည်။ ရှေးဟောင်းသုတေသနဌာနမှ ပျက်စီးနိုင်သော ရှေးဟောင်းစေတီတော်များကို ပြန်လည် ပြုပြင်မှု မလုပ်ဘဲ မူလလက်ရာ မပျက်လေ့လာနိုင်ရန် စောင့်ရှောက် ထားသည် ကို နိုင်ငံခြားသားများက သဘောကျကြပါ သည်။
အင်းတိန်ရှေးဟောင်းစေတီများသို့ စက်တင်ဘာနောက်ဆုံး ပတ်မှစ၍ ပြည်ပခရီးသွားများ စတင်ဝင်ရောက်တတ်ပြီး ဖေဖော်ဝါရီ လနောက်ဆုံးပတ်အထိ တဖွဲဖွဲ လာရောက်လေ့လာလည်ပတ်လျက်ရှိသည်။ အင်းလေးကန်အတွင်း စီးဝင်သော ဘီလူးချောင်းမှ ရေနည်းသွားသော်လည်း အင်းလေးစက်လှေဆိပ်မှ ကြေးပေါခုံစက်လှေဆိပ်အထိ သွားလာ၍ရသည့်အတွက် ကုန်းလမ်းမှမသွား လိုသော နိုင်ငံခြား သားခရီးသွားများမှာ အင်းလေးအလှကိုခံစားရင်း သွားလာမှု အဆင်ပြေလျက ရှိနေပါသည်။
၂၀၁၆ ခုနှစ်သည် ယခင်နှစ်များကထက် ရှေးဟောင်းစေတီသို့ တစ်ရက်လျှင် ကမ္ဘာလှည့်ခရီးသွား ၃၀၀ ခန့် လာရောက် လျက်ရှိပြီး ဂျာမနီ၊ စပိန်၊ ပြင်သစ်၊ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ ထိုင်းနှင့်ထိုင်ဝမ်တို့မှ အများဆုံးလာရောက် လည်ပတ်လျက် ရှိပါသည်။ နိုင်ငံခြားသားများကို ဆွဲဆောင်စေသော အရာသည် ကြေး၊ ငွေနှင့်ကျွန်းဖြင့်ပြုလုပ်ထားသော ရှေးဟောင်းပစ္စည်းနှင့် လက်မှုပစ္စည်းများပင်ဖြစ်သည်။ အများဆုံးလက်ဆောင်အဖြစ် အမှတ်တရ ယူဆောင်လေရှိသော ပစ္စည်းမှာ ကျွန်းဖြင့် ပြုလုပ်ထားသည့် ခရစ္စမတ်လက်ဆောင်ဖြစ်သည့် ငါးရုပ်ပင်ဖြစ်သည်။ ထိုငါးရုပ်၏အတွင်းတွင် ခရစ္စမတ်လက်ဆောင် နှင့် ပတ်သက်သော အထိမ်းအမှတ်ပစ္စည်းများ ပါဝင်သောကြောင့်ဖြစ်သည်။ နိုင်ငံခြားသားများအင်းတိန်တွင် ညအိပ်တည်းခို လိုသော်လည်း ညောင်ရွှေနှင့်အင်းလေးသို့ ညနေပိုင်း တွင် ပြန်လေ့ ရှိသည့်အတွက် ကြေးပေါခုံနှင့် ချောင်းတစ်ဖက်ရှိ အင်းတိန်ဈေး သည် ပြန်လည်ခြောက်သွေ့သွားတတ်ပါသည်။ အင်းတိန်ဈေးရှေ့တွင် အလယ်တန်းကျောင်းခွဲရှိပြီး ဒီဇင်ဘာ အားကစား လဖြစ်၍ ကျောင်းရှေ့ဘောလုံးကွင်း၌ ကျောင်းသား ကျောင်းသူများကို အားကစားပွဲပြုလုပ်ပေးသည့်အတွက် နိုင်ငံခြားသားတို့ စိတ်ဝင်တစားအားပေးကြည့်ရှုပြီး ကျောင်းသားများနှင့် အမှတ်တရဓာတ်ပုံ ရိုက်ကြသည့် မြင်ကွင်းသည် လည်း ထိုဒေသ၏ ဂုဏ်ယူစရာ ပုံရိပ်များပင်ဖြစ်သည်။
အာသောကမင်းတရားကြီးတည်ထားခဲ့သော စေတီများမှာနှစ်ပေါင်း ၂၃၅၇ နှစ်ကျော်ရှိပြီဖြစ်သည်။ ဂျပန်ခေတ်က ထိုဘုရားနှင့်စေတီတော်များ ဝန်းကျင်သည် ချုံနွယ်ပိတ်ပေါင်းထူထပ်စွာ ရှိခဲ့သည့် အတွက် နွားကျောင်း သားတို့၏ နေရာတစ်ခု အဖြစ်သာ ရှိခဲ့ပြီး စေတီပျက်များကို ပြုပြင် ထိန်းသိမ်းရန် အားနည်းခဲ့သည်။ ၁၉၈၈ခုနှစ်မှသာ စတင်ပြုပြင်ထိန်းသိမ်း ခဲ့၍ ၁၉၉၃ ခုနှစ်တွင် စေတီအတွင်းရှိရုပ်ပွားတော်များ ပျောက်ရှခြင်းရှိခဲ့ပြီး ဘုရားတွင်ကပ်နေသောရွှေကိုသာ ယူသည့်အတွက် တန်ဖိုး မဖြတ်နိုင်သော ရှေးလက်ရာဆင်းတုတော်များ ပျက်စီးမှုလည်း ရှိခဲ့ပါသည်။
ယခုအခါ မြန်မာ့အမွေအနှစ်အား ကမ္ဘာကပါ စိတ်ဝင်တစားလေ့ လာမှု ကို တွေ့မြင်လာရပြီဖြစ်၍ မည်မျှတန်ဖိုး ရှိကြောင်းကို ဒေသခံများ သိရှိသည့်အတွက် အားလုံးဝိုင်းဝန်း ထိန်းသိမ်းလျက်ရှိနေပါသည်။ ကမ္ဘာလှည့်ခရီးသွားများ ဝင်ရောက်မှုများလာခြင်းသည် ဒေသအတွက် အလုပ်အကိုင်အခွင့်အလမ်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူဖြစ်စေပါသည်။ ရှေးဟောင်းသမိုင်းဝင် စေတီများ ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ်သည့် အပြင် မျိုးဆက်သစ်တို့အတွက် လက်ဆင့်ကမ်းအမွေလည်းဖြစ်သည်။
ရွှေအင်းတိန် ရှေးဟောင်းသမိုင်းဝင်စေတီဆီသို့ ရွှေညောင်ကားလမ်းမ၏ တောင်လေးလုံးလမ်းဆုံမှ ကတ္တရာလမ်းအတိုင်း ၂၂ မိုင်ခရီးကို သွားရောက်နိုင်သကဲ့သို့ ၂၄ မိုင်ဝေးသော အောင်ပန်းမြို့မှ ကတ္တရာလမ်း အတိုင်းလာ ရောက်ဖူးမြော်နိုင်ပါသည်။ တောင်လေးလုံးလမ်းအတိုင်း လာရောက်ပါက အင်းလေးခေါင်တိုင်ရေပူစမ်းတွင်အပန်းဖြေနိုင်ပြီး အလောင်းစည်သူမင်း တရားကြီး တည်ထားကိုးကွယ်ခဲ့သော ဥဏှောဒက ရေပူဘုရား ကုန်းတော်ပေါ်မှ အင်းလေးကန်၏အလှကို ကြည့်ရှုခံစား နိုင်ပါသည်။
ရွှေအင်းတိန်ဘုရားသို့ တက်ရောက်သည့်စောင်းတန်းအနီးတွင် ရှိသော ကြေးပေါခုံ စက်လှေဆိပ်တွင် တိုင်းရင်းသူများ အဝတ်လျှော်ရေချိုးလျက်ရှိပြီး ကမ္ဘာလှည့်ခရီးသွားများ စားသောက်ဆိုင်တွင် နေ့လည်စာစားကာ ခေတ္တ အပန်းဖြေသူတို့ဖြင့် စည်ကားနေပါသည်။ စက်လှေများဆိုက်ကပ်ထားပြီး ဧည့်သည်အချို့က အနီးရှိ Bamboo Street လမ်းတွင် အပန်းဖြေ လမ်းလျှောက် ၍ ရေတံခွန်သဖွယ် စီးဆင်းနေသော ရေကာတာ၏အလှကို ခံစားကာ ဓာတ်ပုံမှတ်တမ်းရိုက်သူတို့ဖြင့် စည်ကားလျက်ရှိသည်။ စိမ်းစိုနေသော ဝါးပိုးဝါးတောအုပ်၏ ခုံတန်းလေးများနှင့် အင်းလေးမှထွက်ရှိ သော ရိုးရာပစ္စည်း အရောင်းဆိုင်လေးများတွင်လည်း နိုင်ငံခြားသားများကို ဧည့်လမ်းညွှန်က ဒေသအကြောင်းရှင်းပြလျက်ရှိသည်။ တောင်ပေါ် မောဝ်ရှမ်းအလှသည် ရာသီအလိုက်အေးချမ်း လှပနေပြီး နိုင်ငံခြား ခရီးသွားများ ကို ဒေသအလှ၊ ရှေးဟောင်းအမွေအနှစ်တို့၏ စိတ်ဝင်စားမှုတို့ဖြင့် ဆွဲဆောင်ဖမ်းစားနေဆဲဖြစ်သည်။ ရွှေအင်းတိန်ဘုရားနှင့် ရှေးဟောင်း သမိုင်းဝင်စေတီများ၏ သမိုင်းဝင်မြန်မာမှုလက်ရာများ ကို လေ့လာကြည့်ရှု ခံစားနိုင်ရန် ပြည်တွင်း ပြည်ပမှ ခရီးသွားဧည့်သည်များအား ဖိတ်ခေါ် လိုက်ရပါသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment