18.12.13

သုံးပတ်အတွင်း နိုင်ငံခြားငွေကြေးသုံးမျိုး အသုံးပြုနိုင်သည့် Multicurrency Visa Travel Prepaid Card အသုံးပြုသူ ၅၀၀ အထိရှိလာ

သုံးပတ်အတွင်း မြန်မာ့ရှေ့ဆောင် ဘဏ်မှ နိုင်ငံခြားငွေကြေး သုံးမျိုးဖြစ်သော အမေရိကန်ဒေါ်လာ၊ ယူရိုနှင့် စင်ကာပူဒေါ်လာ အသုံးပြုနိုင်သည့် Multicurrency Visa Travel Prepaid Card အသုံးပြုသူ ၅၀၀ အထိ ရှိလာကြောင်း မြန်မာ့ရှေ့ဆောင်ဘဏ်မှ သိရသည်။


"နိုဝင်ဘာ ၂၈ ရက်ကစပြီး ဒီဇင်ဘာ ၁၈ ရက်ထိ Multicurrency Visa Travel Prepaid Card ၅၀၀ ထုတ်ဝေထားပါတယ်" ဟု မြန်မာ့ရှေ့ဆောင်ဘဏ်မှ ဒုမန်နေဂျင်း ဒါရိုက်တာ ဦးကျော်စိုးမင်းက ပြောကြားသည်။

Multicurrency Visa Travel Prepaid Card သည် ပြန်လည်ငွေဖြည့်တင်းနိုင်သော ငွေပေးချေမှု ကတ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံသားများ ပြည်ပသို့ ခရီးထွက်ခွာသည့် အခါတွင် အသုံးပြုနိုင်မည်ဖြစ်သည်။ အဆိုပါကတ်သည် အီလက်ထရွန်နစ် ငွေပေးချေမှုများကို ပြုလုပ်နိုင်သည့်ကတ် ဖြစ်သည်။

အဆိုပါ ကတ်အတွင်း၌ အနည်းဆုံး ဒေါ်လာ ၂၀၀ မှ အများဆုံး ဒေါ်လာ ၅၀၀၀ အထိ ထည့်သွင်းအသုံးပြုနိုင်ပြီး ယင်းပမာဏနှင့် ညီမျှသော မြန်မာကျပ်ငွေကို မြန်မာ့ရှေ့ဆောင်ဘဏ်တွင် စာရင်းဖွင့်ထား၍ သုံးစွဲနိုင်ကြောင်း သိရသည်။

Visa ကတ်ကုမ္ပဏီသည် ကမ္ဘာလုံးဆိုင်ရာ ငွေပေးချေမှု နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်ပြီး အဆိုပါ ကုမ္ပဏီသည် စားသုံးသူများ၊ ဘဏ္ဍာရေး အဖွဲ့အစည်းများ၊ အရောင်းကုန်သည်များ၊ အစိုးရနှင့် စီးပွားရေး လုပ်ငန်းကြီးများဖြင့် ဆက်သွယ်လုပ်ကိုင်လျက်ရှိပြီး ကမ္ဘာတစ်ဝန်းတွင် နိုင်ငံပေါင်း ၂၀၀ ကျော်တွင် အသုံးပြုလျက်ရှိကြောင်း၊ သုံးစွဲသူပေါင်း ၁ ဒသမ ၈ ဘီလျံခန့်ရှိကြောင်း၊ Visa ကတ်ကုမ္ပဏီ အနေဖြင့် Visa Prepaid Card ၀န်ဆောင်မှု စနစ်တွင် အခြားငွေကြေး အမျိုးအစားများ ထပ်တိုး၍ ၀န်ဆောင်မှုပေးရန် အစီအစဉ်ရှိကြောင်း စုံစမ်းသိရသည်။

မြန်မာ့ရှေ့ဆောင်ဘဏ်သည် ၂၀၁၀ ပြည့်နှစ်တွင် ဘဏ်လုပ်ငန်းလိုင်စင် ပေးအပ်ခြင်းခံရသည့် ပုဂ္ဂလိကဘဏ် လေးဘဏ်တွင် တစ်ခုအပါအ၀င်ဖြစ်ပြီး ပြည်တွင်းဘဏ် ၀န်ဆောင်မှုလုပ်ငန်း၊ နိုင်ငံခြားဘဏ် ၀န်ဆောင်မှုဖြစ်သော သွင်းကုန် L/C ၀န်ဆောင်မှု၊ ဘဏ်အာမခံပေးခြင်း၊ SWIFT နှင့် Western Union တို့နှင့် နိုင်ငံခြားငွေလွှဲ အ၀င်လက်ခံခြင်း လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ မြန်မာ့ရှေ့ဆောင်ဘဏ်သည် တစ်နိုင်ငံလုံး၌ ဘဏ်ခွဲပေါင်း ၃၁ ဘဏ်ရှိပြီး ၀န်ထမ်းပေါင်း ၂၀၀၀ ခန့်ဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Eleven Media Group

(Multicurrency Visa Travel Prepaid Card ကို တွေ့ရစဉ်)

0 comments:

Post a Comment