18.12.13

တရုတ်နိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများ ခေါင်းပုံဖြတ်ခံရခြင်း၊ အကြမ်းဖက် ခံရခြင်းနှင့် အလုပ်ရှင်နှင့်ရဲပေါင်းကာ ဖိနှိပ်ခြင်း ခံနေရ

တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင် သည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် လုပ်ငန်းခွင်တွင် ခေါင်းပုံဖြတ်ခံရခြင်း၊ အကြမ်းဖက် ခံရခြင်းနှင့် အလုပ်ရှင်နှင့်ရဲပေါင်းကာ ဖိနှိပ်ခြင်းများကို ကြုံတွေ့နေရကြောင်း Treasure land Development Association မှ ပရိုဂရမ် မန်နေဂျာ ကိုဇော်မြင့်ထွန်းက "ရွှေ့ပြောင်းရေးရာနှင့် လူထုအကျိုးပြု အဖွဲ့များ အခန်းကဏ္ဍ အလုပ်ရုံ ဆွေးနွေးပွဲ၌ ပြောကြားသည်။


မြန်မာနိုင်ငံရှိ မိုးခေါင်ရေရှား ဒေသများတွင် ရာသီဥတု ဖောက်ပြန်မှုများကြောင့် မြင်းခြံ၊ နွားထိုးကြီး၊ ကျောက်ဆည်၊ မုံရွာ၊ စစ်ကိုင်းစသည့် ဒေသများတွင် စိုက်ပျိုးရေးလုပ်ငန်း အဆင်မပြေခြင်း၊ အလုပ်အကိုင် ရှားပါးခြင်းတို့ကြောင့် ယင်းဒေသများမှလူများ တရုတ်ပြည်မကြီးနှင့် နယ်စပ်ဒေသများသို့ သွားရောက်ရွှေ့ပြောင်း အလုပ်လုပ်ကိုင် နေကြကြောင်း သိရသည်။

"မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဟာ အလုပ်ခွင်မှာ လုပ်အားခတွေ၊ အခွင့်အရေးတွေ ခေါင်းပုံဖြတ်ခံရတယ်။ တချို့ အလုပ်သမားတွေဆို အလုပ်ရှင်နဲ့ ရဲပေါင်းပြီး ဖိနှိပ်တာကို ခံရတယ်။ နောက်ပိုင်းမှာ လူမှုရေးပြဿနာ အနေနဲ့ မူးယစ်ဆေးဝါးတွေ စွဲလာတယ်။ တရုတ်ပြည်မှာ သူတို့အတွက် လုံခြုံမှု မရှိသလို အာမခံချက်လည်း မရှိဘူး" ဟု ကိုဇော်မြင့်ထွန်းက ဆိုသည်။

"တရားမ၀င် သွားရောက်လုပ်ကိုင်တဲ့ မြန်မာအလုပ်သမားတွေကို တရုတ်အစိုးရကဖမ်းပြီး ထောင်ချတယ်။ ပြီးရင် မြန်မာနိုင်ငံကို ပြန်လွှဲပေးတယ်။ အခုနောက်ပိုင်း တရုတ်နိုင်ငံကို မြန်မာအလုပ်သမားတွေ လူကုန်ကူးခံရမှုအပြင် လူမှောင်ခိုလုပ်မှုတွေပါ များလာတယ်" ဟု ၎င်းကပြောကြားသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် တရုတ်ပြည်မကြီးထဲတွင် သွားရောက်လုပ်ကိုင်မှု နည်းပါးပြီး ကြယ်ဂေါင်၊ ရွှေလီ၊ ကျူငုတ်၊ ပန်ဆိုင်း၊ စသည့် နယ်စပ်ဒေသများတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား လူကုန်ကူးမှု၊ လူမှောင်ခိုကူးခြင်းများ အများဆုံး ဖြစ်ပွားနေကာ တရုတ်နိုင်ငံသို့ အလုပ်လုပ်ရန် သွားရောက်သည့် မြန်မာအမျိုးသမီး အချို့မှာ တရုတ်အမျိုးသားများနှင့် လက်ထပ်ရန် ရောင်းစားခံနေရကြောင်း၊ ပြည်ပနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်သည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် 3D ဟု အမည်ပေးထားသည့် မိခင်နိုင်ငံသားများ မလုပ်ကိုင်လိုသည့် ညစ်ပတ်သည့် အလုပ်များ၊ အန္တရာယ်ရှိသည့် အလုပ်များကိုသာ အများဆုံး လုပ်ကိုင်နေရကြောင်း သိရသည်။

Eleven Media Group

(တရုတ်နိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်မည့်သူ အချို့နှင့် အလည်သွားရောက်မှု အချို့အား မူဆယ်နန်းတော်ဂိတ်တွင် တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)

0 comments:

Post a Comment