5.1.14

တော့တင်ဟမ် ပရိသတ်ဘက်သို့ လက်အမူအရာ ပြသခဲ့သည့် ဝဲလ်ကော့အား ဝင်းဂါး ကာကွယ်

လန်ဒန်မြောက်ပိုင်း ဒါဘီပွဲစဉ် အတွင်း တော့တင်ဟမ် ပရိသတ်များဘက်သို့ လက်အမူအရာ ပြသခဲ့သည့် သီယိုဝဲလ်ကော့ကို အာစင်ဝင်းဂါးက ကာကွယ်ပြောကြားခဲ့သော်လည်း မိမိအနေဖြင့် ၎င်း၏ ဒူးဒဏ်ရာကြောင့် အသင်း၏ တိုက်စစ်ပိုင်းအတွက် စိုးရိမ်မိကြောင်း အာဆင်နယ် မန်နေဂျာက ပြောကြားသွားခဲ့သည်။


အင်္ဂလန် လက်ရွေးစင် ကစားသမားသည် စနေနေ့က အမ်းမရိတ်ကွင်းတွင် ကစားခဲ့သည့် အက်ဖ်အေဖလား တတိယ အဆင့် ပွဲစဉ်တွင် တော့တင်ဟမ်ကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ဧည့်သည် ပရိသတ်များဘက်သို့ ဂိုးရလဒ်ကို လက်အမူအရာဖြင့် ပြသခဲ့ခြင်း ဖြစ်သည်။


သို့သော်လည်း ဝဲလ်ကော့အနေဖြင့် ရန်မူသည့် တော့တင်ဟမ် ပရိသတ်များကြောင့် အက်ဖ်အေ၏ ပြန်လည်စစ်ဆေးမှုကို ခံယူရလိမ့်မည် မဟုတ်ကြောင်း ဝင်းဂါးက ကာကွယ်ပြောကြားခဲ့သည်။

“ဝဲလ်ကော့ရဲ့ခေါင်းကို အကြွေစေ့တွေနဲ့ ပစ်ပေါက်ခဲ့ကြတယ်လို့ အသင်းဆရာဝန်က ပြောပါတယ်။ ဒါကြောင့် သူ ဒီလို တုံ့ပြန်တာ ဖြစ်နိုင်ပါတယ်။ နောက်ပြီးတော့ သူ့ရဲ့ အပြုအမူကလည်း စော်ကားတဲ့ပုံစံ မဟုတ်ပါဘူး။ ဓာတ်ပုံတွေမှာ သူပြုံးနေတာကို မြင်နိုင်ပါတယ်။ ဒါဟာ ရန်မူတဲ့ အပြုအမူ မဟုတ်ပါဘူး” ဟု ပြင်သစ်လူမျိုး မန်နေဂျာက ဆိုခဲ့သည်။

တစ်ဆက်တည်းမှာပင် ဝင်းဂါးက ဝဲလ်ကော့၏ ဒူးခေါင်းဒဏ်ရာကို စိုးရိမ်မိခဲ့ကြောင်းနှင့် မိမိတို့ အသင်းသည်လည်း ပွဲအပြီးတွင် ၁၀ ယောက်တည်းနှင့် ကစားရလုနီးပါးဖြစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အသင်း တိုက်စစ်မှူး နစ်ကလပ်စ် ဘတ္တနာသည် ခြေချင်းဝတ် ဒဏ်ရာကြောင့် လေးပတ်ခန့် အနားယူရဖွယ်ရှိနေပြီး အိုလီဗာ ဂီးရော့ဒ်သည်လည်း အဖျားဝေဒနာကြောင့် စပါးနှင့် ပွဲတွင် ပါဝင်နိုင်ခဲ့ခြင်း မရှိပေ။ ထို့အတွက် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလတွင် တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူနိုင်ရန် အတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေကြောင်း အာဆင်နယ် မန်နေဂျာက ဝန်ခံပြောကြားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment