5.1.14

ဘဝဆိုတာပျော်စရာလား

မိမိခန္ဓာရဲ့ အပြစ်မမြင်တော့ သူများခန္ဓာရဲ့ အပြစ်ကို မမြင်ဘူး။ မိမိခန္ဓာရဲ့ အနိစ္စ၊ဒုက္ခ၊ အနတ္တ၊ အသုဘတွေက ခန္ဓာရဲ့အပြစ်တွေပဲ၊ တစ်လောကလုံးလည်း ခန္ဓာ
နဲ့တည်ဆောက်ထားတာ။ ဘဝတိုင်း ဘဝတိုင်းက ခန္ဓာတွေနဲ့ တည်ဆောက်ထားတာ။
ရုပ်နာမ်တွေနဲ့ တည်ဆောက်ထားတာ။
ရုပ်တွေ နာမ်တွေဟာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ တရားတွေ။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ တရားတွေကို မမြင်နိုင်တဲ့အတွက် သံသရာမှာပျော်တယ်၊ သံသရာကို မငြီးငွေ့ဘူး။



သံသယာမှာပျော်တော့ သံသရာလည်တာပေါ့။ ပျော်ရင် လည်မှာပဲ။ လည်တာ
ကြာရင် မြုပ်ဖို့ မသေချာပေဘူးလား။

“သေချာပါတယ်ဘုရား”

အဝေစိရောက်တဲ့အထိကို မြုပ်သွားမှာ။ လောကသံသရာကြီးဟာ ဘေးတွေရန်
တွေ အများကြီးပဲ။ မိမိတို့သိတဲ့ဘေးရန် အန္တရာယ်တွေထက် မသိတဲ့ဘေးရန်
အန္တရာယ်တွေက အများကြီးပါ။ မိမိခန္ဓာကိုယ်ထဲမှာ ရောဂါတွေဖြစ်နေတာ တော်
တော်နဲ့မသိပါဘူး။ နောက်မှသိတာ။

ဥစ္စာပစ္စည်းကျတော့ ရန်သူမျိုးငါးပါးက နှိပ်စက်တယ်။ မိမိတို့ခန္ဓာကြီးကျတော့
(၉၆)ပါးသော ရောဂါဝေဒနာတွေက အမျိုးမျိုးနှိပ်စက်တယ်။

မိမိတို့စိတ်ကိုကျတော့ ကိလေသာတွေက နှိပ်စက်နေတယ်။ စိတ်ကောင်းစိတ်
မြတ်တွေ ရှိပါလျက်သားနဲ့၊ မဂ်ဉာဏ်ကိုရအောင် မလုပ်နိုင်ဘူး။

လောဘ၊ ဒေါသ၊ မောဟက အမြဲတမ်း နှောင့်ယှက်နေတယ်။ ဒါကြောင့် လောက
သံသရာကြီးဟာ အန္တရာယ်တွေ အင်မတန်ကိုမှများပါတယ်။

သံသရာကို မီးပုံကြီးလို မြင်ရမယ်။ ဟောဒီသံသရာကြီးဟာ လူသတ်ကွင်းပဲ၊
(၃၁)ဘုံဟာ လူသတ်ကွင်း။

အမြဲတမ်းအသတ်ခံနေရတဲ့နေရာဟာ (၃၁)ဘုံပဲ။

(၃၁)ဘုံကို ဇရာကလည်း နှိပ်စက်တယ်။ ဗျာဓိကလည်းနှိပ်စက်တယ်။ မရဏက
လည်း နှိက်စက်တယ်။ ဝဋ်ကြွေးတွေကလည်း နှိပ်စက်တယ်။ ကိလေသာတွေက
လည်း နှိပ်စက်တယ်။ ခန္ဓာမှန်သမျှကို ဝိုင်းပြီးနှိပ်စက်နေတယ်။

ကိုယ့်ရင်ထဲက လောဘ ဒေါသ၊ မောဟက ကိုယ့်ပြန်နှိပ်စက်တယ်။ “သံကိုသံဖျက်
သံချေးတက်” ဒီသံကဖြစ်တဲ့ သံချေးက ဒီသံကိုပြန်ပြီး ဖျက်ဆီးပစ်သလို . . .

ကိုယ့်ရင်ထဲက လောဘ၊ ဒေါသ၊ မောဟတွေက ဒီခန္ဓာကိုယ်ကိုပဲ ညစ်နွမ်းအောင်၊
ပျက်စီးအောင်၊ အပါယ်ကျအောင် ပြန်လုပ်တယ်။ အတိတ်အတိတ်က ပါလာတဲ့
ဝဋ်ကြွေးတွေကလည်းမညှာဘူး။ အတင်းနှိပ်စက်နေတယ်။

ကျိုးအောင်၊ ကန်းအောင်၊ သေအောင်နှိပ်စက်တယ်။

ဇရာ၊ ဗျာဓိ၊ မရဏကလည်း နှိပ်စက်တယ်။ ခန္ဓာရထားတဲ့သူ မှန်သမျှဟာ တစ်နေ့
ကျရင် သေဂရတာပဲ။

ဒါကြောင့်မို့ ခန္ဓာရတဲ့ပုဂ္ဂိုလ်မှန်သမျှဟာ. . .

သတ်ကွင်းထဲရောက်နေသလိုပဲ။ သတ်ကွင်းထဲရောက်ရင် ဟိုဘက်ကပစ်၊ ဒီဘက်
ကပစ်၊ ရှေ့ကပစ်၊ နောက်ကပစ် ရှောင်လို့ကို မရဘူး။

ခန္ဓာရတဲ့ပုဂ္ဂိုလ်တွေဟာလည်း ဘယ်လိုမှ ရှောင်လို့မရဘူး။ ဆေးတွေဘယ်လောက်
ကောင်းကောင်း၊ တန်ခိုးတွေ ဘယ်လောက်ရှိရှိ နောက်ဆုံးကျတော့ သေတာပဲ။

ခန္ဓာရဲ့အပြစ်၊ သံသရာရဲ့အပြစ်ကို ဘာဖြစ်လို့ မမြင်ကြတာလည်းဆိုတော့ ကု
သိုလ်ပြုတာလည်း ငါပဲ၊ နောင်ဘဝ ခံစား စံစားရမှာလည်း ငါပဲလို့ ထင်တယ်။

ငါလို့ထင်တာက“သက္ကာယဒိဋ္ဌိ”။

ကုသိုလ်ရဲ့အကျိုးပေးကို သာယာတာ တောင့်တတာကတဏှာ။ တစ်ဘဝပြီး
တစ်ဘဝ ဆက်နေတာပဲ မပြတ်ဘူးလို့ ယူဆတဲ့သဘောက“သဿတဒိဋ္ဌိ”

“သဿတဒိဋ္ဌိ”ဆိုတာ “သက္ကာယဒိဋ္ဌိ”ကဆင်းသက်လာတာ၊ အမှန်က ငါဆိုတာ
မရှိဘူး။

ရုပ်၊ နာမ်၊ သဘောမျှပဲ မဟုတ်လား။

“ဟုတ်ပါတယ်ဘုရား”

ပြောတာကအပြစ်မရှိဘူး။ သမုတိသစ္စာအနေနဲ့ ပြောရမှာပဲ။ ပရမတ္တသစ္စာအနေ
နဲ့တော့ သိနေရမယ်။ သဘောပေါက်နေရမယ်။ ဒိဋ္ဌိကြောင့် အယူမှား အမှတ်
မှား။ အသိမှားတွေ မဖြစ်လေရအောင် သတိထားရမယ်။

ဗုဒ္ဓဘာသာဟာ ဘာသာတွေထဲမှာ အမြတ်ဆုံးဆိုတာ ဒီပရမတ္တတရားတွေ၊ သစ္စာ
တရားတွေကို သိမြင်လို့ပဲ။ ဘယ်ဘာသာမျှ သိအောင်မလုပ်တတ်ဘူး။ ဗုဒ္ဓဘာ
သာမှာပဲ သစ္စာလေးပါးကို ကျကျနနဟောတတ်တာ။

ဗုဒ္ဓဘာသာဝင်တွေလှူတဲ့အခါမှာ တရားနာတဲ့ပုဂ္ဂိုလ် ရှိတယ်။ မနာတဲ့ပုဂ္ဂိုလ်ရှိ
တယ်။ တရားနာတဲ့အခါမှာ မှတ်မှတ်သားသားနာတဲ့ ပုဂ္ဂိုလ်ရှိတယ်။ ပေါ့ပေါ့ဆ
ဆနာတဲ့ပုဂ္ဂိုလ်ရှိတယ်။ တရားမနာတဲ့ ပုဂ္ဂိုလ်ကတော့ ဘာမျှမသိဘူးပေါ့။ ပေါ့
ပေါ့ဆဆနာတဲ့ပုဂ္ဂိုလ်ကလည်း သေသေချာချာမသိဘူး။

တရားလည်းနာတယ်၊ တရားလည်းအားထုတ်တဲ့ ပုဂ္ဂိုလ်ကသိတယ်။ မလွှဲသာမ
ရှောင်သာလို့ လုပ်နေတဲ့အလုပ်ကို ဘဝဝဋ်ကြွေးအရ လုပ်နေရသော်လည်းပဲ မ
ပျော်မွေ့ဘူး။ သံသရာကို ငြီးငွေ့တယ်၊ ခန္ဓာကိုငြီးငွေ့တယ်၊ ခန္ဓာအပြစ်၊ သံသရာ
အပြစ်ကို မြင်တယ်။

လုပ်ငန်းနဲ့စိတ်ဓာတ် မတူပါဘူး။ လုပ်ငန်းက ဘဝပေး အခြေအနေအရ မလွှဲသာ
မရှောင်သာတဲ့အလုပ်တွေ လုပ်နေရသော်လည်းပဲ၊ စိတ်က နိဗ္ဗာန်ကို အမြဲတမ်း
ရည်ရွယ်နေတယ်။ (၃၁)ဘုံ သံသရာထဲမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျင်လည်နေတာ
မဟုတ်ဘူး။ မက်မက်မောမောနဲ့ ကျင်လည်နေတာမဟုတ်ဘူး။

ကျားတွေ၊ ဆင်တွေ၊ မြွေကြီးတွေ၊ ကင်းခြေများကြီးတွေ အမျိုးမျိုးရှိတဲ့ တောကြီး
ထဲကို မလွှဲသာမရှောင်သာလို့ ကြောက်ကြောက်လန့်လန့်နဲ့ ဖြတ်သန်းသွားရတဲ့
သဘော။ အန္တရာယ်တွေများလွန်းလို့ တောထဲမှာ နေကိုမနေချင်တဲ့သဘော။
(၃၁)ဘုံကိုလည်းပဲ အဲဒီလိုမြင်တယ်။

စီကာစဉ်ကာ မပြောပြတတ်သော်လည်းပဲ၊ ရင်ထဲမှာ (၃၁)ဘုံကို မီးပုံကြီးလို မြင်
တယ်၊ လူသတ်ကုန်းလို့ မြင်တယ်။ (၃၁)ဘုံကို သမုဒ္ဒရာကြီးလို မြင်တယ်၊ သဲ
ကန္တာရကြီးလို မြင်တယ်။ (၃၁)ဘုံကို သားရဲတိရစ္ဆာန်ပေါတဲ့၊ အင်မတန်မှ
ကြောက်စရာကောင်းတဲ့ နက်ရှိုင်းတဲ့ တောအုပ်ကြီးလို ထင်တယ်။ဉာဏ်ပညာဦး
စီးတဲ့ပုဂ္ဂိုလ်က ကောင်းကောင်းထင်တယ်။

ဉာဏ်ပညာ မဦးစီးတဲ့ပုဂ္ဂိုလ်တွေက (၃၁)ဘုံမှာ . . .

ရောက်ရာဘဝ ရရာအာရုံနဲ့ ပျော်နေကြတာပဲ။

မြစိမ်းတောင်ဆရာတော် အရှင်ဇာနေယျ
(လွတ်မြောက်မှုချမ်းသာကို ရှာဖွေခြင်း မှ)
Buddhavasa Tiloka

0 comments:

Post a Comment