13.1.14

မိုဘိုင်းလ်အဖွဲ့များ တရားမဝင်ကုန်စည် ကျပ်သန်းတစ်သောင်းနီးပါး ဖမ်းဆီးရမိ



တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး လှုပ်ရှားအဖွဲ့များ (Mobile Team) ၏ တစ်နိုင်ငံလုံး အတိုင်းအတာ တရားမဝင် ကုန်စည်နှင့် အကောက်ခွန်မဲ့ ကုန်ပစ္စည်းများ ဖမ်းဆီးရမိမှုသည် ယင်းအဖွဲ့ စတင်ဆောင်ရွက်ခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ ယခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့အထိ ကျပ်သန်းပေါင်း ၉၆၅၂ ဒသမ ၁၆၁ ရှိပြီ ဖြစ်ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်လိုက်သည်။

နယ်စပ်ဒေသ ကုန်သွယ်မှုနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှု နှစ်မျိုးရှိသည့်အနက် နယ်စပ်ဒေသနှင့် ရန်ကုန် ပြည်တွင်း ဆိပ်ကမ်းများတွင် လှုပ်ရှားစစ်ဆေးရေး အဖွဲ့များ ထားရှိကာ တရားမဝင် ကုန်သွယ်မှုကို တားဆီးလျက် ရှိပြီး အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းနှင့် လေဆိပ်များတွင်လည်း မကြာမီ အချိန်အတွင်း ဝင်ရောက်နိုင်ရန် တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေးဗဟိုသို့ တင်ပြထားဆဲ ဖြစ်ကြောင်း လှုပ်ရှား စစ်ဆေးရေးအဖွဲ့ တာဝန်ခံ တစ်ဦးဖြစ်သူ ဦးဝင်းလွင်က The Voice သို့ ပြောကြားသည်။

လှုပ်ရှား စစ်ဆေးရေး အဖွဲ့များကို ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် သက်ဆိုင်ရာ အစိုးရများက တာဝန်ယူ ဆောင်ရွက်လျက် ရှိပြီး ယင်းဒေသများတွင် တရားမဝင် ကုန်စည် ဖမ်းဆီးရမိမှုမှာ ကျပ်သန်း ၁၃၃၃ ဒသမ ၁၃ အထိရှိကြောင်း ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

ယင်းအပြင် သက်သေ အထောက်အထားများနှင့် တိုင်တန်းချက် အရ ဈေးကွက်အတွင်းသို့ ဝင်ရောက် စစ်ဆေး ဖမ်းဆီးနိုင်သည့် အမှုတွဲခုနစ်မှု ရှိသည့်အနက် အမှုတွဲ ခြောက်မှုမှာ တရားဝင် တင်သွင်းခွင့် မပြုထားသော နိုင်ငံခြားဖြစ် အရက်၊ ဘီယာနှင့် ဝိုင်အများအပြား ဖမ်းဆီရမိမှုဖြစ်ပြီး ယင်းတို့အနက် လက်လီ အရောင်းဆိုင် ကုမ္ပဏီများတွင် နာမည်ကြီးသော City Mart Holdings ကုမ္ပဏီနှင့် ဆက်နွှယ်နေသော Premium Food Services Products ကုမ္ပဏီ၏ သိုလှောင်ရုံတွင် စစ်ဆေးတွေ့ရှိသည့် တရားမဝင် အရက်နှင့် ဝိုင်တန်ဖိုးကျပ် သိန်းငါးထောင့် ခုနစ်ရာကျော်ကို ဖမ်းဆီး ရမိမှုလည်း ပါဝင်သည်။

The Voice Weekly

0 comments:

Post a Comment