19.9.14

ကြားဖြတ်မဲစာရင်းများအရ စကော့တလန်အနေဖြင့် ဗြိတိန်မှခွဲမထွက်ရေး ထောက်ခံသူများ မဲအသာစီးရနေ

စကော့တလန်နိုင်ငံအနေဖြင့် ဗြိတိန်မှ ခွဲထွက်ရေး သို့မဟုတ် မထွက်ရေးအတွက် လူထုဆန္ဒခံယူပွဲ တစ်ရပ်ကို စက်တင်ဘာ ၁၈ ရက်က ကျင်းပခဲ့ပြီး စက်တင်ဘာ ၁၉ ရက်အစောပိုင်းတွင် ထွက်ပေါ် လာသည့် ကြားဖြတ်မဲစာရင်းများအရ ခွဲမထွက်ရေး သမားများဘက်မှ အသာစီးရလျက်ရှိသည်။

မဲအရေအတွက်၏ ၁၃ ရာခိုင်နှုန်းအား ရေတွက်ပြီးချိန်တွင် ခွဲမထွက်ရေးဘက်မှ ၅၀ ဒသမ ၅၉ ရာခိုင်နှုန်းနှင့် ခွဲထွက်ရေး သမား များဘက်မှ ၄၉ ဒသမ ၀၅ ရာခိုင်နှုန်း ရရှိထားကြောင်း သိရသည်။

တရားဝင်အတည်မပြုနိုင်သေးသည့် ကြေညာချက်များအရလည်း မဲဆန္ဒနယ် ၃၂ ခုအနက် ၉ ခုတွင် ခွဲမထွက်ရေးသမားများက ၈၅ ရာခိုင်နှုန်းအထိ အသာရနေကြောင်း သိရသည်။

ကွန်ဆာဗေးတစ်အုပ်စုဘက်မှ ၀န်ကြီးဟောင်းတစ်ဦးဖြစ်ပြီး ၀န်ကြီးချုပ်ဒေးဗစ်ကင်မရွန်အား ထောက်ခံသူတစ်ဦးဖြစ်သည့် မိုက်ကယ်ဂေါ့ဗ်က “ခွဲမထွက်တဲ့တွက် ဗြိတိန်မပြိုကွဲနိုင်တော့ပါဘူး’’ ဟု ပြောကြားသည်။

ခွဲထွက်ရေးကို လိုလားသူ Green Party ဘက်မှ စကော့တလန်ပါလီမန်အမတ်တစ်ဦးဖြစ်သည့် ပက်ထရစ်ဟာဗီးက ယခုရလဒ်အပေါ် စိတ်ပျက်မိကြောင်း ပြောကြားသည်။

စကော့တလန်အနေဖြင့် ဗြိတိန်မှ ခွဲမထွက်ရန် ကမ်းလှမ်းမှုတစ်ခုအဖြစ် စကော့တလန်ပါလီမန်အား  လုပ်ပိုင်ခွင့်များ ပိုပေး သွားမည်ဟု ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်က လူထုဆန္ဒခံယူပွဲ ကျင်းပရန် အချိန် အနည်းငယ်အလိုတွင် ထပ်မံ ကတိပြုခဲ့ပြီး ၎င်း၏ကွန်ဆာဗေးတစ်ပါတီမှ နိုင်ငံရေးသမားများအနေဖြင့် လည်း စကော့တလန်ကို အင်္ဂလန်ကဲ့သို့ပင် သတ်မှတ်ဆက်ဆံရန် တိုက်တွန်းခဲ့သည်။

ဒေးဗစ်ကင်မရွန်အနေဖြင့် ဆန္ဒခံယူပွဲရလဒ်ထွက်ပေါ်လာပြီးနောက် ဗြိတိန်၏  အနာဂတ်နှင့်ပတ်သက် ၍ မိန့်ခွန်း တစ်ရပ် ပြောကြားသွားမည်ဖြစ်ပြီး ခွဲမထွက်ရေးသမားများက အနိုင်ရလျှင် အာဏာခွဲဝေရေး အစီအစဉ်များနှင့် ပတ်သက် ၍ ကြေ ညာ ဖွယ်ရှိသည်။

Ref:AFP

0 comments:

Post a Comment