13.10.14

အမေရိကန်တွင် ဆေးဝန်ထမ်းတဦး အီဘိုလာ ထပ်မံကူးစက်ခံရ


အမေရိကန်နိုင်ငံမှာ အီဘိုလာရောဂါသည် Thomas Eric Duncan ကို ဆေးကုသခဲ့တဲ့ ဆေးဝန်ထမ်းတဦးလည်း အီဘိုလာရောဂါ ကူးစက်ခံရပြန်တယ်လို့ တက္ကဆက်ပြည်နယ်ကျန်းမာရေးဌာနက မနေ့က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၀ ရက်နေ့က သူ့ရဲ့ ကိုယ်အပူချိန်တက်လာတာနဲ့ သီးသန့်ခွဲခြားပြီး ဆေးကုသမှုပေးနေပါတယ်။

အမေရိကန်ကူးစက်ရောဂါဌာန ညွှန်ကြားရေးမှူး ဒေါက်တာ သောမတ်စ် ဖရိုင်ဒန်က (Dr. Thomas Frieden) က ရောဂါအတွက် အကာအကွယ် ယူထားတဲ့ကြားက ကူးစက်တာလို့ ပြောပါတယ်။

အမှားအယွင်းအတွက်လည်း အပြစ်တင်ထားပြီး အခုလိုဖြစ်ရတာအတွက် စစ်ဆေးမှုတွေလည်း ပြုလုပ်မယ်လို့ ပြောဆိုပါတယ်။ နောက်ထပ်ကူးစက်မှုတွေ ရှိလာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

ကျန်းမာရေးကော်မရှင်နာ ဒေါက်တာ ဒေးဗစ် လတ်ကီးက (Dr. David Lakey) က ဒုတိယမြောက် ရောဂါကူးစက်ခံရသူ ဖြစ်ဖို့များနေပြီး အဲ့ဒါအတွက် ကြိုတင်ပြင်ဆင်ထားတယ်လို့ ပြောဆိုပါတယ်။

အမေရိကတိုက်မှာ ပထမဆုံးအီဘိုလာရောဂါစစ်ဆေးတွေ့ရှိသူဖြစ်တဲ့ သောမတ်စ် အဲရစ် ဒွန်ကန် (Thomas Eric Duncan) ကတော့ ဆေးရုံတင်ပြီး ၁၁ ရက်အကြာ အောက်တိုဘာလ ၈ ရက်နေ့က သေဆုံးသွားပါတယ်။

အဲဒီချိန်ကစပြီး အနောက်အာဖရိကနိုင်ငံတွေက လေယာဉ်စီးခရီးသည် ၀င်ရောက်မှု အများဆုံးဖြစ်တဲ့ အမေရိကန်လေဆိပ်ကြီး ၅ ခု မှာ အီဘိုလာရှိမရှိ စစ်ဆေးမှုတွေ စတင်ပြုလုပ်နေပါတယ်။

WHO အဖွဲ့ကြီးက ကမ္ဘာ့နိုင်ငံ ၇ နိုင်ငံမှာ အီဘိုလာကူးစက်ခံရသူ ၈၃၉၉  ဦးရှိလာပြီး သေဆုံးသူ ၄၀၃၃ ဦးရှိပြီလို့ အောက်တိုဘာ ၁၀ ရက်နေ့ ပြောပါတယ်။

သေဆုံးသူအများဆုံးကတော့ လိုင်ဘေးရီးယားနိုင်ငံဖြစ်ပြီး အဲ့ဒီနောက်ကမှ ဆီရီယာလီယွန်၊ ဂီနီ၊ နိုင်ဂျီးရီးယားနဲ့ နောက်ဆုံးကတော့ အမေရိကန်နိုင်ငံတို့ ဖြစ်ကြပါတယ်။

DVB

0 comments:

Post a Comment