13.10.14

သြစတြေးလျကုမ္ပဏီနှင့် တရားဝင်သဘောတူညီချက်ပြုလုပ်ခဲ့ခြင်းဟု ဟောင်ကောင် အုပ်ချုပ်ရေးမှူးပြောကြား


ဟောင်ကောင်အုပ်ချုပ်ရေးမှူး လျောင်ချွန်ယင်က မိမိနှင့်  သြစတြေးလျနိုင်ငံမှ အင်ဂျင် နီယာ ကုမ္ပ ဏီ UGL တို့ သဘောတူညီခဲ့သော အမေရိကန်ဒေါ်လာ ၄၅ သန်း (ဟောင်ကောင်ဒေါ်လာ သန်း၅၀) တန် အရောင်းအ၀ယ် စာချုပ်သည် ဥပဒေနှင့်အညီ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အောက်တိုဘာ ၁၂ ရက်က ပြောကြားလိုက်သည်။

လျောင်သည် ဟောင်ကောင်အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်မခံရမီက အဆိုပါ ကုမ္ပဏီ မှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၅ သန်း
တန် ငွေပေးချေမှုနှစ်ရပ်ကို လက်ခံခဲ့သည်ဟု သြစတေးလျ Firefax မီဒီယာ က ဖော်ပြခဲ့သည်။

ပစ္စည်းများ ထုခွဲရောင်းချမှုအတွက် လျောင်အား  အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ရန် သြစတေးလျ အင်ဂျင်နီယာကုမ္ပဏီက သဘော တူခဲ့သည်ဟု Fairfax မီဒီယာက ဖော်ပြသည်။ သို့သော် အကျိုးအမြတ်ဆိုင်ရာ ပြဿနာရပ်များကြောင့် မိမိအနေဖြင့် ဟောင်ကောင် အုပ်ချုပ်ရေး မှူးအဖြစ် ရွေးချယ်ခံရလျှင် ယင်းကုမ္မဏီ၏အကြံပေးအဖြစ် ဆောင်ရွက်မည်မဟုတ်ဟု ယင်းသဘောတူညီမှုတွင် ထည့်သွင်းခဲ့သည် ဟု လျောင်က အောက်တိုဘာ ၁၂ ရက်တွင် TVB သတင်းဌာနနှင့် ပြုလုပ်သည့် ရုပ်သံအင်တာဗျူးတစ်ခုတွင် ပြောကြားသည်။

အဆိုပါ ငွေပေးချေမှုများကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလက လျောင်ရွေးကောက် ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် ကြေညာပြီး တစ်ပတ်အကြာတွင် သဘောတူခဲ့ခြင်းဖြစ်သည်။

အကြွေးများမပေးနိုင်သည့်  DTZ အိမ်ရာလုပ်ငန်းဝန်ဆောင်မှုကုမ္ပဏီမှ ထုခွဲရောင်းချခဲ့သည့် ပစ္စည်းများအား UGL က ၀ယ်ယူ မှုအတွက် ငွေပေးချေမှုကို DTZ ၏ ဥက္ကဌ နှင့် ဒါရိုက်တာတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသူ လျောင်က လက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ခံထားခဲ့သော ငွေများအတွက် အခွန်ပေးဆောင်ခဲ့ခြင်းရှိမရှိ မေးမြန်းခဲ့ရာ လျောင်က ၎င်းသည် ကျွမ်းကျင်သူများ ထံမှ အကြံပြုချက်များ ရယူခဲ့ကြောင်းနှင့် ယင်းကိစ္စအားလုံးကို ဥပဒေအတိုင်း လုပ်ဆောင်ခဲ့သည်ဟု ဖြေကြားခဲ့သည်။

ထို့ပြင် ဟောင်ကောင်၌ ဒီမိုကရေစီဆန္ဒပြမှုများ ဖြစ်ပွားနေသော်လည်း လက်ရှိရာထူးမှ နုတ်ထွက် သွားမည်မဟုတ် ဟု လျောင်က ပြောကြားသည်။ မြို့၏ အဓိက လမ်းများပေါ်တွင် ဆန္ဒပြသူများက ပိတ်ဆို့ဆန္ဒပြမှုများ ရှိနေပြီး မိမိနုတ်ထွက်ခြင်းဖြင့် လက်ရှိဖြစ်ပွားနေသော ဆန္ဒပြသူများနှင့် အစိုးရအကြား အကျပ်အတည်းများ ပြေလည်သွားနိုင်မည်မဟုတ်ဟု ဆိုသည်။

Mizzima

0 comments:

Post a Comment