17.11.14

အမေရိကတိုက်ကို မွတ်ဆလင်များ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ဟု တူရကီသမ္မတဆို


အမေရိကတိုက်ကို ခရစ်တိုဖာ ကိုလံဘတ် ရှာဖွေတွေ့ရှိခြင်း မရှိခင် နှစ်ပေါင်း ၃၀၀ ခန့် ကာလကတည်းက မွတ်ဆလင်များ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု တူရကီသမ္မတ အာဒိုဂန်က ပြောကြားသွားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
“အမေရိကကို မွတ်ဆလင် သင်္ဘောသားတွေ ၁၁၇၈ ခုနှစ်မှာ ရောက်ရှိခဲ့ပါတယ်” ဟု တူရကီသမ္မတက ပြောကြားသည်။
လက်တင်အမေရိကန် မွတ်ဆလင် ခေါင်းဆောင်များနှင့် အစ္စတန်ဘူလ်မြို့တွင် တွေ့ဆုံရာတွင် တူရကီသမ္မတက ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
ကျူးဘားရှိ တောင်ကုန်းတစ်ခု အပေါ်တွင် ဗလီတစ်လုံး တွေ့ရှိရကြောင်း ကိုလံဘတ်၏ ဒိုင်ယာရီတွင် မှတ်သားထားသည်ကို ကိုးကားပြီး အာဒိုဂန်က ယခုကဲ့သို့ ပြောကြားခြင်းဖြစ်ကာ ကိုလံဘတ် ဖော်ပြထားသည့် နေရာတွင် ဗလီတစ်လုံး တည်ဆောက်လိုကြောင်း အာဒိုဂန်က ပြောကြားသည်။
အမေရိကတိုက်ကို ကိုလံဘတ်က ၁၄၉၂ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု လူများစုက ယုံကြည်ထားသည်။
သို့သော်လည်း ၁၉၉၆ ခုနှစ်တွင် သမိုင်းပညာရှင် ယူစွပ်မရော့ ရေးထားခဲ့သည့် အငြင်းပွားဖွယ် ဆောင်းပါးတွင် ကိုလံဘတ်အရင် မွတ်ဆလင်များက အမေရိကတိုက်ကို ဦးစွာ ရောက်ရှိခဲ့ကြောင်း ကိုလံဘတ်၏ ဒိုင်ယာရီကို ကိုးကားဖော်ပြခဲ့သည်။
ယင်းကဲ့သို့ ပြောကြားချက်များကို ပညာရှင်များက ယုံကြည်ခြင်းမရှိဘဲ တောင်ကုန်များ၏ ပုံသဏ္ဌာာန်က ဗလီတစ်လုံးနှင့် တူနေသည်ကို မှားယွင်းပြီး ရေးထားမိခြင်း ဖြစ်မည်ဟု ထောက်ပြထားသည်။
ထို့အပြင် ကိုလံဘတ်ခေတ် မတိုင်ခင် ကာလတွင် အစ္စလာမ္မစ်ဆိုင်ရာ အဆောက်အအုံများ အမေရိကတိုက်တွင် ရှိခဲ့ကြောင်း ဖော်ပြနိုင်မည့် အထောက်အထား မတွေ့ရှိရပေ။
အမေရိကဒေသကို ပထမဆုံး ရောက်ရှိလာသူများသည် အာရှဒေသမှ ဖြစ်ပြီး လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀၀၀ ခန့်က ဘာရင်းရေလက်ကြားကို ဖြတ်ကာ အမေရိကကို ရောက်ရှိလာခြင်း ဖြစ်မည်ဟု ယုံကြည်ထားသည်။
တူရကီသမ္မတ၏ AK ပါတီသည် နိုင်ငံရေးရာ အလာမ္မစ်ဝါဒအပေါ် အခြေခံထားသည့် ပါတီဖြစ်ပြီး တူရကီနိုင်ငံတွင်း အစ္စလာမ္မစ်ဆန်သော အမိန့်များ ချမှတ်ခဲ့သဖြင့် တူရကီပြည်သူအချို့က ဆန့်ကျင်ဆန္ဒပြခဲ့သည်။

The Voice Weekly

0 comments:

Post a Comment