17.11.14

အမေရိကန် ဓားစာခံ တစ်ဦးကို ခေါင်းဖြတ်သတ်ခဲ့သည့် IS တပ်ဖွဲ့ကို အိုဘားမား ရှုတ်ချ


အမေရိကန် နိုင်ငံသား ဓားစာခံ တစ်ဦးကို အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့က ခေါင်းဖြတ် ကွပ်မျက်ခဲ့ခြင်းသည် ၎င်းတို့၏ မကောင်းဆိုးဝါး သရုပ်သကန်ကို ပြသနေခြင်းဖြစ်ကြောင်း အမေရိကန်သမ္မတ ဘာရတ် အိုဘားမားက ပြောကြားလိုက်သည်။

IS အဖွဲ့က လူတစ်ဦးကို ခေါင်းဖြတ်ကွပ်မျက်သည့် ဗီဒီယိုတစ်ခုကို ထုတ်လွှင့်ခဲ့ရာ ဗီဒီယိုထဲတွင် ပါရှိသည့် သားကောင်သည် အမေရိကန် ထောက်ပံ့ရေးဝန်ထမ်း အက်ဘ်ဒူလ်ရာမန် ကက်ဆစ်ဖြစ်ကြောင်း အိမ်ဖြူတော်က အတည်ပြုခဲ့သည်။ ကာဆစ်သည် ဆီးရီးယားရှိ ဒုက္ခသည်များအတွက် ထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။

ကာဆစ်သည် IS အဖွဲ့က ခေါင်းဖြတ်သုတ်သင်မှုကို ခံရသည့် ပဉ္စမမြောက် အနောက်နိုင်ငံသားနှင့် တတိယမြောက် အမေရိကန် နိုင်ငံသား ဖြစ်လာသည်။ အသက်(၂၆)နှစ်ရှိ ကာဆစ်၏ မိဘများက မိမိတို့၏သားသည် ဆီးရီးယားနိုင်ငံကို ဆီးရီးယားနိုင်ငံကို ချစ်မြတ်နိုးသည့်စိတ်ကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း ဝမ်းနည်းစကား ပြောကြားခဲ့သည်။

အိုဘားမားက ကာဆစ်ကို လူသားချင်း စာနာမှုအတွက် ကူညီလှုပ်ရှားသူ တစ်ဦးအဖြစ် ချီးကျူးခဲ့ပြီး “အကြမ်းဖက် အဖွဲ့အစည်း တစ်ခုရဲ့ မကောင်းဆိုးဝါး စရိုက်လက္ခဏာ စစ်စစ်ကြောင့် သူလိုလူတစ်ယောက်ကို ကျွန်တော်တို့ ဆုံးရှုံးခဲ့ပြီ။ ဒီအဖွဲ့အစည်းကို လူမဆန်တဲ့ အသိုက်အဝန်း တစ်ခုအဖြစ် တစ်ကမ္ဘာလုံးက မှန်ကန်စွာ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်”ဟု IS တပ်ဖွဲ့ကို ရှုတ်ချသွားခဲ့သည်။

အမေရိကန်နှင့် ပူးပေါင်းမဟာမိတ်များက အီရတ်နှင့် ဆီးရီးယားတို့တွင် ဖြန့်ကျက် လှုပ်ရှားနေသည့် IS တပ်ဖွဲ့များကို လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်နေသည့်နောက် IS တို့က ၎င်းတို့ ဖမ်းဆီးထားသည့် အနောက်နိုင်ငံများကို သတ်ဖြတ်ခြင်းဖြင့် လက်တုံ့ပြန်နေခဲ့သည်။

အိုဘားမားသည် ဩစတြေးလျ နိုင်ငံ၊ U20 အစည်းအဝေးမှ အမေရိကန်သို့ ပြန်လာပြီးနောက် IS တပ်ဖွဲ့၏ လုပ်ရပ်အပေါ် ယင်းသို့ မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။ ၎င်းက ကာဆစ်၏ မိဘများဖြစ်သည့် အက်ဒ်နှင့် ပေါ်လာတို့ကိုလည်း စာနာကြောင်း ပြောဆိုခဲ့သည်။

“ဘာပဲဖြစ်ဖြစ် လူသားချင်း စာနာမှု ပုံရိပ်တစ်ခုအတွက် သူ့အသက်ကို ပေးအပ်ခဲ့တဲ့ ခင်ဗျားတို့ရဲ့ သားအတွက် ကျွန်တော်တို့ဟာ အလေးအနက် ဂုဏ်ယူရပါမယ်။ သူရှင်သန်နေချိန်မှာ ချန်ထားရစ်ခဲ့တဲ့ ဒီအမွေအနှစ်ကို ထိန်းသိမ်းဖို့ ကျွန်တော်တို့ နေ့စဉ်ရက်ဆက် သတိတရ လုပ်ဆောင်နေရမှာ ဖြစ်ပါတယ်”ဟု သေဆုံးသူ၏ မိဘများကို ရည်စူးပြီး အိုဘားမားက ပြောကြားခဲ့သည်။

ယခင် အမေရိကန် ဓားစာခံ နှစ်ဦးဖြစ်သည့် ဂျိမ်းစ်ဖိုလေနှင့် စတီဗန် ဆော့လော့ဖ်တို့ကို သတ်ဖြတ်ခဲ့သူများမှာ ဗြိတိန်နိုင်ငံသား IS အဖွဲ့ဝင်များဖြစ်သည့် အလန်ဟန်နင်းနှင့် ဒေးဗစ်ဟိုင်းနက်စ်တို့ဖြစ်ကြောင်း ထောက်လှမ်းရေးက ဖော်ထုတ် သိရှိထားသည်။ ကာဆစ်ကို သတ်ဖြတ်သည့် မျက်နှာဖုံးစွပ် စစ်သွေးကြွသည်လည်း ဗြိတိန်နိုင်ငံသား တစ်ဦးဟု ယူဆရကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ယခင်ဗီဒီယိုများနှင့် မတူသည်မှာ ယခုတစ်ကြိမ် ဗီဒီယိုတွင် ခေါင်းဖြတ်ကွပ်မျက်သည့် နေရာကိုပါ အသေးစိတ် ပြသခဲ့ပြီး ဆီးရီးယားရှိ အေလက်ပို ဒေသမှ ဒါဘစ်တွင်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် IS တပ်ဖွဲ့က ဆီးရီးယားစစ်တပ်မှ ဖမ်းဆီးရမိထားသည့် အရာရှိနှင့် ပိုင်းလော့များကို ခေါင်းဖြတ် ကွပ်မျက်နေသည့် ပုံရိပ်များပါ ပါဝင်လာခဲ့သည်။

_Ref: BBC

0 comments:

Post a Comment