17.11.14

ဖိလစ်ပိုင်တောင်ပိုင်းတွင် ပေါက်ကွဲမှု တစ်ခုကြောင့် လူ ၈ ဦး ဒဏ်ရာရရှိ



ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားရာ လူ ၈ ဦးမျှ ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

လက်လုပ် ဖောက်ခွဲရေး ကိရိယာ တစ်ခုကြောင့်ဟု ယူဆရသည့် ပေါက်ကွဲမှုတစ်ခု နိုဝင်ဘာ ၁၆ ရက် ညပိုင်းက လူအများ ဖြတ်သန်းသွားလာနေသည့် နေရာတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဟု ဒေသခံ ရဲတပ်ဖွဲ့က ဆိုသည်။

ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအို ကျွန်းပေါ်ရှိ ကာဘာကန်မြို့ပေါ်တွင် ဖြစ်ပွားသည့် အကြမ်းဖက် တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး မည်သည့် အဖွဲ့အစည်းကမျှ မိမိတို့၏ လုပ်ဆောင်မှုအဖြစ် ထုတ်ဖော် ဝန်ခံလာခြင်း မရှိချေ။ အဆိုပါ ဒေသတွင် အစိုးရ ဆန့်ကျင်ရေး စစ်သွေးကြွ အဖွဲ့အစည်း အတော်များများ လှုပ်ရှားနေသည်။

“ဒဏ်ရာရတဲ့သူတွေက ဗုံးစတွေ ထိမှန်ပြီး စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိပါတယ်”ဟု ဒေသဆိုင်ရာ အရေးပေါ် အခြေအနေ ကွပ်ကဲရေး တာဝန်ရှိသူ ဒေးဗစ် ဆော်ရာက ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့က ယခုဖြစ်ရပ်နှင့် ပတ်သက်၍ သံသယရှိသူ တစ်ဦးတစ်ယောက်မျှ မဖော်ထုတ်နိုင်သေးဟု ဆိုသည်။

ကာဘာကန်သည် စိုက်ပျိုးရေးကို အခြေပြုပြီး လူပေါင်းရှစ်သောင်းကျော် မှီတင်းနေထိုင်သည့် မြို့တစ်မြို့ဖြစ်သည်။ အဆိုပါ မြို့အနီးတွင် နိုင်ငံ၏ အကြီးမားဆုံး စစ်သွေးကြွ အဖွဲ့အစည်း တစ်ခုနှင့် ဖိလစ်ပိုင် အစိုးရတို့ကြား ငြိမ်းချမ်းရေး သဘောတူညီမှု တစ်ရပ် ထူထောင်ထားခြင်းကို ဆန့်ကျင်လှုပ်ရှားနေသည့် အခြား အစ္စလာမ်မစ် သူပုန်အဖွဲ့များ လှုပ်ရှားနေကြောင်း သိရှိရသည်။

_Ref: Channelnewsasia

0 comments:

Post a Comment