1.12.14

ဟောင်ကောင်ဒီမိုကရေစီ ထောက်ခံသူများနှင့် ရဲတပ်ဖွဲ့ အဓိကရုဏ်းဖြစ်ပွား

ဟောင်ကောင်မှာ ဒီမိုကရေစီ ထောက်ခံသူတွေနဲ့ ရဲတပ်ဖွဲ့တို့ ဒီနေ့ တနင်္လာနေ့ မနက်စောပိုင်းမှာ အဓိကရုဏ်းဖြစ်ပွားခဲ့ပါတယ်။

ရဲတွေက ဆန္ဒပြသမားတွေကို နောက်ဆုတ်ဖို့ အမိန့်ပေးထားပေမယ့် ဆန္ဒပြသမားတွေက အစိုးရရုံးတွေကို ၀ိုင်းဖို့ ကြိုးစားရင်း ထိပ်တိုက်တွေ့ကြတာပါ။ ဆန္ဒပြသမားတွေက အစိုးရုံးကို ၀ိုင်း၊ လမ်းတွေကို ဖွင့်ပေး ဆိုတဲ့ ကြွေးကြော်သံတွေကို အော်ကြရင်း အက်မာရာဒီ နယ်မြေထဲက အစိုးရရုံးတွေဆီကို ချီတက်ကြပါတယ်။

တချို့ ဆန္ဒပြသမားတွေဟာ သစ်သား ဒိုင်းတွေ၊ အတားအဆီးတွေကို ကိုင်ဆောင်ခဲ့ကြပြီး ရဲက နောက်ပြန်ဆုတ်ဖို့ ပြောတာကို အာခံရင်း ဆက်လက်ချီတက်ခဲ့လို့ ရဲတွေနဲ့ ထိပ်တိုက်တွေ့တဲ့ အထိ ဖြစ်ကြပါတယ်။

အင်အားအလွန်အကျွံသုံးတယ်လို့ စွပ်စွဲတဲ့ ရဲတွေဟာ ဆန္ဒပြသမားတွေကို နံပါတ် ဒုတ်တွေနဲ့ ရိုက်ပြီး နောက်ပြန်ဆုတ်အောင် လုပ်ခဲ့ပါတယ်။

ဟောင်ကောင်မှာ ဒီမိုကရေစီတောင်းဆိုတဲ့ ဆန္ဒပြသမားတွေဟာ ၂၀၁၇ ရွေးကောက်ပွဲကို ဒီမိုကရေစီနည်းကျ ကျင်းပခွင့်ရဖို့ တောင်းဆိုနေတာ ၂ လကျော်နေပါပြီ။ အုပ်ချုပ်ရေးမှူးလောင်းကို ပြည်မကြီးအစိုးရက ခေါင်းခေါက်ရွေးချယ်ပေးတာမျိုး မဟုတ်ဘဲ လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ရဖို့ တောင်းဆိုနေတာပါ။

အခုနောက်ဆုံး ထိပ်တိုက်တွေ့မှုဖြစ်တဲ့ နေရာဟာ ဟောင်ကောင်ရဲ့ စီးပွားရေးအချက်အချာ မြို့နယ်နဲ့ ကပ်လျက်ရှိပါတယ်။ သောကြာနေ့ညနဲ့ စနေနေ့ မနက်စောပိုင်း ဆန္ဒပြပွဲတွေအတွင်း လူအနည်းဆုံး ၂၈ ယောက် အဖမ်းခံခဲ့ရပါတယ်။

DVB

0 comments:

Post a Comment