10.12.14

CIA အစီရင်ခံစာကြောင့် ကမ္ဘာတစ်ဝန်းရှိ အမေရိကန် အဆောက်အအုံများ လုံခြုံရေးတိုးမြှင့်

စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ရာတွင် အမေရိကန် ထောက်လှမ်းရေး CIA အဖွဲ့အသုံးပြုသည့် နည်းလမ်းများ အကြောင်း အသေးစိတ် ဖော်ပြထားမည်ဟု မျှော်လင့်ရသော အစီရင်ခံစာ ထွက်ပေါ် မလာခင်တွင် ကမ္ဘာတစ်ဝန်းရှိ အမေရိကန် အဆောက်အအုံများ လုံခြုံရေး တိုးမြှင့်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ကြီးမားသည့် အန္တရာယ်များပေါ် ပေါက်လာနိုင်ခြင်းကြောင့် အမေရိကန် သံရုံးများနှင့် အခြားသော နေရာများတွင် ကြိုတင် ကာကွယ်မှုများ လုပ်ဆောင်ထားကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

စာမျက်နှာ ၄၈၀ ပါဝင်သည့် လွှတ်တော် အစီရင်ခံစာကို အင်္ဂါနေ့တွင် ထုတ်ပြန်မည်ဖြစ်ကာ ၉/၁၁ အကြမ်းဖက် ဖြစ်ရပ်အပြီးတွင် အယ်လ်ကေဒါအဖွဲ့ကို CIA က စစ်ဆင်ခဲ့မှုများကို အသေးစိတ် ဖော်ပြထားမည်ဟု မျှော်လင့်ရသည်။

ထိပ်တန်းအဆင့် သံသယ ရှိသူများထံမှ သတင်းများ ရယူနိုင်ရေး ကြိုးပမ်းရာတွင် CIA အမှုထမ်းများ အသုံးပြုသည့် အငြင်းပွားဖွယ် နည်းလမ်းများကို အစီရင်ခံစာတွင် အသေးစိတ် ဖော်ပြထားမည် ဖြစ်ပြီး ကြမ်းတမ်းသော စုံစမ်းစစ်ဆေးသည့် နည်းလမ်းများက လိုအပ်သော ရလဒ်များ ပေးနိုင်ခြင်း မရှိသည်ကို အစီရင်ခံစာတွင် ထောက်ပြထားမည်ဟု မျှော်လင့်ရသည်။

အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်များကို ပြည်သူများကို သိခွင့် ပြုသင့် မပြုသင့်နှင့် ပတ်သက်၍ သဘောထား ကွဲလွဲနေခြင်းကြောင့် အစီရင်ခံစာ ထုတ်ပြန်ရေးမှာ နှောင့်နှေးခဲ့ရသည်။

သို့သော်လည်း လွှတ်တော် ထောက်လှမ်းရေး ကော်မတီမှ ထုတ်ပြန်သည့် စာမျက်နှာ ၆၀၀၀ ကျော် ပါဝင်မည့် အစီရင်ခံစာ အပြည့်အစုံကိုမူ လျှို့ဝှက်အဆင့် သတ်မှတ်ထားမည် ဖြစ်သည်။

စာမျက်နှာ ၄၈၀ ပါဝင်သည့် အစီရင်ခံစာ အကျဉ်းချုပ်ကို ကော်မတီတွင်းရှိ ဒီမိုကရက်တစ်များက ထုတ်ပြန်ခြင်း ဖြစ်သည်။

CIA စုံစမ်းစစ်ဆေးသည့် အစီအစဉ်များကို အမေရိကန်သမ္မတ အိုဘားမားက ၎င်းရာထူး စတင်ရယူခဲ့သည့် ၂၀၀၉ ခုနစ်တွင် ရပ်ဆိုင်းထားခဲ့ကာ အယ်လ်ကေဒါများအား မေးမြန်းစုံစမ်းရာတွင် အသုံးပြုသည့် နည်းလမ်းများသည် နှိပ်စက်သည့် အဆင့်ထိ ရောက်ရှိခဲ့ကြောင်း အသိအမှတ် ပြုခဲ့သည်။

အမေရိကန်သမ္မတ ဂျော့ဘုရှ် လက်ထက်တွင် အမေရိကန် ပြည်ထောင်စု ပြင်ပကမ္ဘာတစ်ဝန်းတွင် လျှို့ဝှက် ထိန်းသိမ်းရေးစခန်းများ တည်ဆောက်ခဲ့ပြီး အကြမ်းဖက်သမားဟု သံသယရှိသူ ၁၀၀ ကို စုံစမ်းစစ်ဆေးခဲ့သည်။

သံသယ ရှိသူများကို ရေနှစ်စစ်ဆေးခြင်း၊ လက်ဝါးဖြင့် ရိုက်ခြင်း၊ အအေးဒဏ် ခံစေခြင်း၊ အိပ်ချိန်မရှိစေခြင်း စသည့် နည်းလမ်း အသုံးပြုပြီး စုံစမ်းစစ်ဆေးခဲ့ကြသည်။

၉/၁၁ အကြမ်းဖက်မှု ဖြစ်ရပ်အပြီးတွင် တိုက်ခိုက်မှုသစ်များ ထပ်မံမပေါ်ပေါက်ရေး ကာကွယ်ရန် ကြမ်းတမ်းသည့် နည်းလမ်းများ အသုံးပြုခဲ့ကြောင်း အမေရိကန်သမ္မတ အိုဘားမားက မှတ်ချက်ပြုထားသည်။

The Voice Weekly

0 comments:

Post a Comment