7.7.15

ဂြိုဟ်တုနှင့် ချိတ်ဆက်ဝန်ဆောင်မှုလုပ်ငန်း ရွှေသံလွင်ကုမ္ပဏီ လုပ်ကိုင်ခွင့်ရ

 Sky Net ရုပ်သံလိုင်း အပါအဝင် မီဒီယာနှင့် ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ရွှေသံလွင်မီဒီယာ ကုမ္ပဏီကို ဂြိုဟ်တုနှင့် ချိတ်ဆက်၍ ဆက်သွယ်ရေးနှင့် သက်ဆိုင်သည့် လုပ်ငန်းများကို ဝန်ဆောင်မှု ပေးနိုင်မည့် ဂြိုဟ်တု (Satellite) အခြေပြု ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ခွင့်ပြုချက်ပေးလိုက်ကြောင်း အဆိုပါ ကော်မရှင်ထံမှ သိရသည်။


မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဇူလိုင်လအတွင်း ရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုပေးခဲ့ရာတွင် ရွှေသံလွင်မီဒီယာ ကုမ္ပဏီကို တာမွေမြို့နယ်အတွင်း၌ ဂြိုဟ်တု (Satellite Earth Station) စခန်း တည်ဆောက်၍ ဂြိုဟ်တုအခြေပြု ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပေးလိုက်ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ လုပ်ငန်းခွင့်ပြုချက် စာရင်းများတွင် ဖော်ပြထားသည်။

ဂြိုဟ်တုအခြေပြု ဆက်သွယ်ရေးလုပ်ငန်းကို လက်ရှိအချိန်တွင် ပြည်တွင်းကုမ္ပဏီသုံးခု ဝန်းကျင်ကို ခွင့်ပြုပေးထားပြီး အဆိုပါ ဝန်ဆောင်မှုကို လုပ်ကိုင်ရန် ထပ်မံလျှောက်ထားသည့် ကုမ္ပဏီများရှိကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က ပြောကြားသည်။
“အခုက အရင်တုန်းကလို တင်ဒါရွေးချယ်တဲ့ပုံစံ မဟုတ်တော့ဘူး။ ပြည်တွင်းပဲဖြစ်ဖြစ်၊ ပြည်ပပဲဖြစ်ဖြစ် သတ်မှတ်အရည်အချင်းနဲ့ ကိုက်ညီရင် ခွင့်ပြုပေးတဲ့ပုံစံ ဖြစ်သွားပြီ” ဟု ၎င်းက ရှင်းပြသည်။

ထိုကဲ့သို့ ခွင့်ပြုပေးခြင်းမှာ တယ်လီကွန်း အော်ပရေတာများကဲ့သို့ ဆက်သွယ်ရေးလုပ်ငန်းများတွင် ပြိုင်ဆိုင်မှု ပြင်းထန်ပြီး ပြည်သူများ အဆင်ပြေစွာ အသုံးပြု နိုင်ရန်အတွက် ခွင့်ပြုပေးခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်း အထူးလိုင်စင်ကို ရရှိထားသည့် ရွှေသံလွင်မီဒီယာ ကုမ္ပဏီမှာ ဂြိုဟ်တုအခြေပြု ဆက်သွယ်ရေလုပ်ငန်းများ လုပ်ကိုင်နိုင်သော်လည်း ပြည်တွင်းပြည်ပ ချိတ်ဆက်သည့် International Gateway Service (အပြည်ပြည်ဆိုင်ရာ ပင်မဝင်ပေါက်ထွက်ပေါက် လုပ်ငန်း) ကိုမူ လုပ်ကိုင်ခွင့်မရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ကြေညာထားသည်။

ပြည်တွင်း၌ ဆက်သွယ်ရေးနှင့် ပတ်သက်သည့် လုပ်ငန်းများကို ပုဂ္ဂလိကသို့ ခွင့်ပြုပေးခြင်းမှာ ကောင်းမွန်ပြီး အဆိုပါလုပ်ငန်းများ ပြိုင်ဆိုင်မှု ရှိလာပါက ပြည်သူလူထု အသုံးပြုရ အဆင်ပြေ၍ နှုန်းထားများ သက်သာလာနိုင်ကြောင်း အိုင်တီပညာရှင် ဦးညီညီသံလွင်က သုံးသပ်ပြောဆိုသည်။

သို့သော် ယင်းကဲ့သို့ လုပ်ကိုင်ခွင့်ပေးရာတွင် ပွင့်လင်းမြင်သာမှုရှိစွာ လုပ်ကိုင်ပေးရန် လိုအပ်ကြောင်း ၎င်းက အကြံပြု ပြောဆိုသည်။

ရွှေသံလွင်မီဒီယာ ကုမ္ပဏီသည် ဂြိုဟ်တုဆက်သွယ်ရေးစခန်း (Satellite Earth Station) ကို ရန်ကုန်မြို့တော် တာမွေမြို့နယ်အတွင်းရှိ မာလာနွယ်လမ်းနှင့် ပင်ရွှေညောင်လမ်းထောင့်တွင် တည်ဆောက်၍ ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း MIC က ထုတ်ပြန်ထားသော အချက်အလက်များအရ သိရသည်။


ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနသည် အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းများ အပါအဝင် ဆက်သွယ်ရေးနှင့် ပတ်သက်သည့် လုပ်ငန်းလိုင်စင်များကို ယခုနှစ်ဆန်းမှစ၍ လုပ်ကိုင်ခွင့်ပေးခဲ့ပြီး လက်ရှိအချိန်တွင် လုပ်ငန်း ၃၀ ကျော်ကို ခွင့်ပြုထားသည်။

အဆိုပါ ခွင့်ပြုထားသော လုပ်ငန်းများတွင် ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်း အထူးလိုင်စင်ကို တပ်မတော်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၊ ရွှေသံလွင်မီဒီယာ ကုမ္ပဏီ၊ Elite Telecom Public ကုမ္ပဏီ၊ ရတနာပုံ တယ်လီပို့ အများပိုင်ကုမ္ပဏီ၊ Myanmar Network ကုမ္ပဏီ အပါအဝင် ကုမ္ပဏီခြောက်ခု ဝန်းကျင်က ရရှိထားကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။
Credit to>>>The Voice

0 comments:

Post a Comment