27.8.15

တောင်သမန်အင်းအတွင်း ရေဆိုးစွန့်သည့် စက်ရုံ ၂၇ ရုံ ဖွင့်ခွင့်မရသေး

တောင်သမန်အင်းအတွင်း ငါးများ အစုအပြုံလိုက် သေဆုံးမှုများကြောင့် ရေဆိုးစွန့်ပစ်သည့် စက်ရုံ ၂၇ ရုံ လည်ပတ်ခွင့်ကို မေလ ပထမပတ်အတွင်းက ပိတ်သိမ်းထားခဲ့ပြီး ဇွန်လ ပထမပတ်တွင်း ယာယီလည်ပတ်ခွင့် ပြန်လည်ခွင့်ပြုပေးခဲ့သော်လည်း တရားဝင် လည်ပတ်ခွင့်ကိုမူ လက်ရှိအချိန်ထိ မရရှိသေးကြောင်း အဆိုပါ စက်ရုံတာဝန်ရှိသူများထံမှ စုံစမ်းသိရှိရသည်။
“ဒီသြဂုတ်လအတွင်းမှာပဲ မြို့တော်စည်ပင်က ပိတ်ထားခံခဲ့ရတဲ့ စက်ရုံတွေ အကုန်လုံးက ထွက်ရှိတဲ့ စွန့်ပစ်ရေတွေကို စက်မှုဇုန်ထဲက ၁၀ လက်မ ရေဆိုးစွန့်ပစ် ပိုက်လိုင်းထဲ စွန့်ပစ်ဖို့ အစည်းအဝေးခေါ်တယ်။ အမရပူရမြို့နယ်တွင်းမှာ စက်ရုံငါးခုလောက် ရှိတယ်။ ဒီစက်ရုံတွေက စက်မှုဇုန်ထဲက ဒီ ၁၀ လက်မ ပိုက်လိုင်းထဲကို စွန့်ပစ်ဖို့ လုံးဝမဖြစ်နိုင်ဘူး။ လေးမိုင်လောက် ဝေးတယ်။ ကျွန်တော်တို့တွေ အသနားခံစာတင်ဖို့တော့ လုပ်နေပါတယ်” ဟု မြတ်ခိုင်သကြားစက်ရုံ လုပ်ငန်းရှင် ဦးမောင်မောင်ဦးက ဆိုသည်။

အဆိုပါစက်ရုံ ၂၇ ရုံကို တောင်သမန်အင်းအတွင်းသို့ ထွက်ရှိစွန့်ပစ်ရေများ၊ ရေဆိုးများ မစွန့်ပစ်စေရန် ကနဦးအနေနှင့် ယာယီပိတ်သိမ်းထားခဲ့ပြီး ထပ်မံဖြေလျှော့ခြင်းအားဖြင့် စမ်းသပ်လည်ပတ်ခွင့်ပြု၍ ထွက်ရှိရေဆိုးများကို အဖွဲ့စုံဖြင့် စစ်ဆေးစမ်းသပ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အချို့စက်ရုံများ အနေနှင့် ရေဆိုးသန့်စင်စနစ် လုပ်ဆောင်ရန် အကုန်အကျ များကြောင်းနှင့် နေရာအခက်အခဲများလည်း ရှိခြင်းကြောင့် နောက်ဆုံး ဆုံးဖြတ်ချက်တစ်ခု အနေနှင့် စက်ရုံများအားလုံး စက်မှုဇုန်အတွင်းရှိ ရေဆိုးစွန့်ပစ် ၁၀ လက်မပိုက်လိုင်းသို့ သွယ်တန်းကာ ရေဆိုးစွန့်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

“လိုအပ်တဲ့ နည်းပညာ အခက်အခဲအားလုံးကို ကျွန်တော်တို့ဘက်က လုပ်ဆောင်ပေးသွားမှာပါ။ ဒီလိုမျိုးအဖွဲ့စုံနဲ့ စစ်ဆေးပြီးလို့ ပိုက်လိုင်းထဲကိုလည်း စွန့်ပစ်တဲ့ စက်ရုံတွေကို ပြန်လည်ဖွင့်ခွင့်၊ တရားဝင်လည်ပတ်ခွင့် ပြန်ပေးသွားမှာပါ” ဟု အဆိုပါကော်မတီ သန့်ရှင်းရေးဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။

တောင်သမန်အင်းအတွင်း ငါးများ သေဆုံးရခြင်းမှာ စက်ရုံများနှင့် မသက်ဆိုင်ဘဲ ယခု ၁၀ လက်မ ပိုက်လိုင်းထဲသို့ စွန့်ပစ်ရေများ သွယ်တန်းစွန့်ထုတ်ရမည် ဆိုသည်မှာလည်း အကုန်အကျ များခြင်းနှင့် မဖြစ်နိုင်သည့် လုပ်ငန်းတစ်ခု ဖြစ်ခြင်းကြောင့် စက္ကူစက်ရုံ ၁၀ ရုံ စုပေါင်းကာ မြို့တော်စည်ပင်သို့ အသနားခံစာ တင်ထားကြောင်း အဆိုပါ စက္ကူစက်ရုံ တာဝန်ရှိသူများက ပြောကြားသည်။

Credit To >>> The Voice News

0 comments:

Post a Comment