28.8.15

မြို့တွင်းခရီးသည်တင် ယာဉ်စီးခများ မူလထက် အများဆုံး ကျပ် ၃၀၀ အထိ မြင့်တက်ဖွယ်ရှိ


ရန်ကုန်မြို့တော်အတွင်း ပြေးဆွဲနေသည့် ယာဉ်လိုင်းများ၏ အသစ်ပြောင်းလဲ သတ်မှတ်ရန် ရှိသည့် ယာဉ်စီးခ နှုန်းထားများမှာ မူလနှုန်းထားများနှင့် အများဆုံး ၃၀၀ ကျပ်အထိ ကွာဟမှု ရှိနိုင်ကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ (ဗဟို) အတွင်းရေးမှူး ဦးဘမြင့်က ပြောကြားသည်။

တစ်မိုင်လျှင် ၂၀ ကျပ်နှုန်းဖြင့် ၅ မိုင်နှုန်း ဖြတ်ကောက်ခံမည့် စနစ်သစ်ကြောင့် ယာဉ်လိုင်းအားလုံး၏ ယာဉ်စီးခများမှာ မြင့်တက်သွားမည် မဟုတ်ဘဲ ခရီးရှည် ယာဉ်လိုင်းများမှလွဲ၍ အချို့ယာဉ်လိုင်းများတွင် နှုန်းထားဟောင်းများနှင့် တူညီနေမည် ဖြစ်ကြောင်း ၎င်းက ထပ်မံဆိုသည်။
“၁၂ မိုင်ခရီးကို ၃၀၀ ယူတာမျိုးတွေကို ပြန်ပြင်ရမယ်။ မိုင်နှုန်းကို လျှော့ဈေးလျှော့ယူရင် လက်ခံတယ်။ မိုင်မပြည့်ဘဲ ပိုယူတာမျိုးတွေကို ပြင်ရမယ်။ အစိုးရအဖွဲ့ကို တင်ထားပြီးသား ဖြစ်ပေမယ့် ယာဉ်လိုင်းတာဝန်ခံတွေ ညှိနှိုင်းပြီး ပြန်တင်ရမှာပေါ့” ဟု ဦးဘမြင့်က ဆိုသည်။
နှုန်းထားအသစ်များအတွက် သက်ဆိုင်ရာ ဌာနများနှင့် ဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မူဝါဒအားဖြင့် သဘောတူညီမှု ရထားပြီဖြစ်ကာ ခွင့်ပြုချက်ရရှိပါက ပြောင်းလဲသွားမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။
ရန်ကုန်တောင်ပိုင်းခရိုင် အတွင်းရှိ ယာဉ်လိုင်းများမှ လွဲ၍ ယာဉ်လိုင်း ၃၃၇ လိုင်းကို နှုန်းထားအသစ် ပြောင်းလဲသတ်မှတ်မည် ဖြစ်ပြီး နှုန်းထားသစ်အရ ယာဉ်စီးခမှာ ခရီးစဉ်တစ်ပိုင်းအတွက် အနည်းဆုံး ၁၀၀ ကျပ် ကျသင့်မည်ဖြစ်သည်။
credit to >>>The Voice

0 comments:

Post a Comment