28.8.15

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ သဘာဝဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ ပေးပို့လှူဒါန်း


 မြန်မာနိုင်ငံအတွင်း ပြီးခဲ့သည့် ဇူလိုင်လနှင့် သြဂုတ်လ လဆန်းပိုင်းတို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ ရေကြီးရေလျှံမှုများ ၊ မြေပြိုမှုများဖြစ်ပွားခဲ့သည်။ ထိုသို့ သဘာဝဘေးဒဏ် သင့် ဒေသများရှိ ပြည်သူများအတွက် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ ယနေ့နံနက်ပိုင်း တွင် Ilyushin-76 လေယာဉ် ၂ စီးဖြင့် ထောက်ပံ့ပစ္စည်းများကို နေပြည်တော်လေဆိပ်သို့ လာရောက်လှူဒါန်းသည်။

ဦးစွာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသည့် ပထမ လေယာဉ်သည် နံနက် ၇ နာရီ ၄ဝ မိနစ်တွင် ရောက်ရှိလာပြီး ဒုတိယလေယာဉ်သည် နံနက် ၈ နာရီ ၂ဝ မိနစ်တွင် ရောက်ရှိသည်။ ထို့နောက် လေဆိပ်တွင် ထောက်ပံ့ပစ္စည်းများ လွှဲအပ်ပေးအပ်ခြင်းကို ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မိုးမြင့်ထွန်းနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Mr. Hong Liang ၊ စစ်သံမှူး Colonel Wang Jinbo နှင့် သံရုံးမှတာဝန်ရှိသူများ၊ တရုတ်ပြည်သူ့လွတ်မြောက် ရေး တပ်မတော်မှ လေယာဉ်ဖြင့် လိုက်ပါလာသည့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ယင်းနောက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ မြန်မာနိုင်ငံအတွင်း သဘာဝဘေးဒဏ်သင့် ဒေသများရှိ ပြည်သူများအတွက် ပေးပို့လှူဒါန်းသော ထောက်ပံ့ပစ္စည်းများကို တရုတ်သံအမတ်ကြီးက လွှဲအပ်ပေးအပ်ရာ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် က လက်ခံရယူသည်။
ထို့နောက် ထောက်ပံ့ပစ္စည်းများကို သက်ဆိုင်ရာဒေသများကို ပို့ဆောင်နိုင်ရန်အတွက် ခေတ္တထိန်းသိမ်းထား ရှိမည့်နေရာသို့ နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများက တပ်မတော်မော်တော်ယာဉ်များဖြင့် သယ်ယူရွှေ့ပြောင်း ပေးကြသည်။
ထောက်ပံ့ပစ္စည်းများ လာရောက်ပို့ဆောင်သည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ လေယာဉ် ၂ စီးသည် နံနက် ၁ဝ နာရီ ၂၅ မိနစ်နှင့် ၁၁ နာရီတို့တွင် တရုတ်နိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရသည်။
ယနေ့ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်မှ လေယာဉ် ၂စီးဖြင့် လာရောက်လှူဒါန်းသော ထောက်ပံ့ရေးပစ္စည်း စုစုပေါင်းမှာ ရွက်ဖျင်တဲ ၁၈၂ လုံး၊ 3 KW မီးစက် ၁၈၂ လုံး နှင့် စောင်စိမ်းပါကင်ထုပ် ၁၂၀ ထုပ်၊ စုစုပေါင်း ၅၄ ဒသမ ၆၂ တန်ဖြစ်ကြောင်း၊ သြဂုတ် ၂၉ ရက်နှင့် ၃ဝ ရက်များတွင်လည်း ထပ်မံလာရောက် လှူဒါန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Credit to >>> ကြေးမုံ

0 comments:

Post a Comment