28.8.15

ပြည်ပရောက် ကြိုတင်မဲပေးရန် လျှောက်ထားသူ စင်ကာပူနှင့် တောင်ကိုရီးယားမှ အများဆုံးဖြစ်ဟုဆို

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကြိုတင်မဲပေးရန်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ လျှောက်ထားသော ပြည်ပနိုင်ငံများသို့ တရားဝင် ရောက်ရှိသူများ မဲစာရင်းတွင် စင်ကာပူနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံများမှ လျှောက်ထားမှု အများဆုံးဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မျိုးသန့်က ပြောကြားသည်။

ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများမှတစ်ဆင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံသို့ မဲပေးခွင့် လျှောက်ထားလာသူ ပြည်ပရောက် ကြိုတင်မဲဆန္ဒရှင် စုစုပေါင်း ၁၈,၇၄၆ ဦးရှိပြီး စင်ကာပူနိုင်ငံမှ ၈၃၉၂ ဦးနှင့် တောင်ကိုရီးယားနိုင်ငံမှ ၅၅၃၅ ဦးဖြစ်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ ပြည်ပရောက် မဲဆန္ဒရှင်များသည် နိုင်ငံတကာ သံရုံးပေါင်း ၄၄ ရုံးတွင် ကြိုတင်မဲပေးခွင့် လျှောက်လွှာ ပုံစံ (၁၅) ဖြင့် လျှောက်ထားခြင်း ဖြစ်ပြီး ယင်းတို့၏ အမည်စာရင်းများကို သက်ဆိုင်ရာ မဲစာရင်းများတွင် ပါဝင်ခြင်းရှိမရှိ စိစစ်နိုင်ရေး မြို့နယ်ကော်မရှင် အဖွဲ့ခွဲများထံသို့ ပေးပို့သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“သံရုံးတစ်ခု နှစ်ခုတော့ ကျန်သေးတာပေါ့နော်။ ဒါပေမဲ့ အရေအတွက် အများကြီး ပြောင်းလဲသွားမှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။
ထို့အပြင် ယင်းသို့ ကြိုတင်မဲပေးရန် လျှောက်ထားလာသူများကို မဲစာရင်းတွင် ထည့်သွင်းပြီးပါက သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများထံမှ ကြိုတင်မဲလက်မှတ်များကို နိုင်ငံတကာသံရုံးများမှ တစ်ဆင့် ပြန်လည်ပေးပို့မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ယင်းနောက် ပြည်ပရောက် မဲဆန္ဒရှင်များက သက်ဆိုင်ရာ သံရုံးများတွင် ကြိုတင်မဲထည့်နိုင်မည် ဖြစ်ပြီး ယင်းကြိုတင်မဲများကို ရွေးကောက်ပွဲမတိုင်မီ တစ်ပတ်အလို (အောက်တိုဘာ ၃၁) ရက် နောက်ဆုံးထားပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ပေးပို့ရမည်ဟု ညွှန်ကြားထားကြောင်း ယင်းကော်မရှင်ထံမှ သိရသည်။
ထို့အပြင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ရောက်ရှိလာသော ကြိုတင်မဲများကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ တစ်ဆင့် မဲရုံများထံသို့ ရွေးကောက်ပွဲ ကျင်းပမည့် နိုဝင်ဘာ ၈ ရက် မဲရုံပိတ်ချိန် ၄ နာရီမတိုင်မီ နောက်ဆုံထား ပေးပို့ရမည်ဖြစ်ကြောင်း ရွေးကောက်ပွဲ ဥပဒေများတွင် ဖော်ပြထားသည်။
၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် မဲရုံပိတ်ချိန် နောက်ပိုင်းတွင် ရောက်ရှိလာသော ကြိုတင်မဲများကို ထည့်သွင်းရေတွက်မှုများကြောင့် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့သော်လည်း ယခုနှစ်အတွင်း ကျင်းပမည့် ဒုတိယအကြိမ် အထွေထွေရွေးကောက်ပွဲတွင်မူ ယင်းကိစ္စရပ်များ ထပ်မံမဖြစ်ပွားရေးကို အာမခံကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ကတိပြု ပြောဆိုထားသည်။
Credit to >>>The Voice

0 comments:

Post a Comment