27.8.15

ရွေးကောက်ပွဲမတိုင်မီ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးခြင်း မပြုရန် KNU ကိုယ်စားလှယ်နှင့်တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


KNU ကိုယ်စားလှယ်အဖွဲ့နှင့် သြဂုတ်လ ၂၂ ရက်က ရန်ကုန်မြို့တွင် တွေ့ဆုံစဉ် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲမတိုင်မီ အပစ်ရပ်စာချုပ်လက်မှတ် ရေးထိုးခြင်း မပြုရန် တိုက်တွန်းခဲ့ကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ပြုလုပ်ခဲ့သော အဆိုပါတွေ့ဆုံမှုတွင် KNU မှ ဗိုလ်မှူးကြီး စောတူး တူးလေးနှင့်အတူ ဦးဟန်ညောင်ဝေတို့ ပါဝင်ခဲ့ပြီး အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးရေး ကိစ္စနှင့်ပတ်သက်၍ ကျယ်ကျယ် ပြန့်ပြန့်ဆွေးနွေးခဲ့သည်ဟု သိရှိရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်လည်း ပါရှိကြောင်း သိရသည်။

ဆွေးနွေးမှုများနှင့်ပတ်သက်၍ “ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ဥပဒေကြောင်းအရ ပြောတယ်။ အခုငြိမ်းချမ်းရေးဆွေးနွေးနေတဲ့အဖွဲ့တွေက မတရားအသင်းကြေညာ ခံထားရတဲ့အဖွဲ့တွေ၊ ဥပဒေကြောင်း အရဆိုရင် အစိုးရနဲ့ မတရား အသင်းကြေညာခံထားရတဲ့သူတွေဆွေးနွေးတာ တရားမဝင်ဘူး။ အဲဒီတော့ ခုချိန်ထိ ရရှိထားတဲ့သဘောတူညီချက်တွေဟာလဲ ဥပဒေကြောင်းအရ တရားမဝင်ဘူး။ တရားဝင်ဖို့ဆိုရင် လက်နက်ကိုင်အဖွဲ့တွေ အားလုံးကို မတရားအသင်းက ပယ်ဖျက်ပေးဖို့လိုတယ်လို့ ထောက်ပြတာပေါ့ ” ဟု ဦးဝင်းထိန်က ပြောကြားခဲ့သည်။

“အဓိက ကတော့ အခုအစိုးရနဲ့ အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးမယ် ဆိုရင် တရားမဝင်ဘူး။ ဒါကြောင့် ရွေးကောက်ပွဲ မတိုင်မီ အပစ်ရပ်စာချုပ်ကို အလောသုံးဆယ် လက်မှတ် မထိုးစေချင်ဘူး။ ရွေးကောက်ပွဲအပြီး NLD က အစိုးရဖွဲ့နိုင်ရင် လက်နက်ကိုင် အဖွဲ့ တွေအားလုံးကို မတရားအသင်းက ပယ်ဖျက်ပေးမယ်။ အဲဒီအချိန်ကြမှ ဆွေးနွေးပြီး လက်မှတ်ထိုး တာက ပိုခိုင်မာမယ်။ ဒါကြောင့်အခု မထိုးစေချင်ဘူးလို့ တိုက်တွန်းတာပါ” ဟု ၄င်းက ဆက်လက်ပြောကြားသည်။

မတရားအသင်းများ ဖြစ်နေ၍ ဟု ဒေါ်အောင်ဆန်းစုကြည်က အကြောင်းပြနေသော်လည်း မြန်မာငြိမ်းချမ်းရေးဗဟိုဌာန တာဝန်ရှိသူများ ကမူ အပစ်ရပ်ထိုးပြီးသည်နှင့် မတရားအသင်းမှ ပယ်ဖျက်ပေးမည် ဖြစ်၍ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးရေးက အဓိကကျနေကြောင်း ပြောကြားထားသည်။

ရွေးကောက်ပွဲမတိုင်မီ အပစ်ရပ်စာချုပ်လက်မှတ်မထိုးရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်းချက်ကို လက်မခံနိုင် ကြောင်း၊ နိုင်ငံရေးအမြတ်ထုတ်သည့်လုပ်ရပ်သာဖြစ်ကြောင်း တိုင်းရင်းသားခေါင်းဆောင်တစ်ဦးက ပြောကြားခဲ့သည်။

“ရွေးကောက်ပွဲမတိုင်ခင် အပစ်ရပ်စာချုပ် လက်မှတ် မထိုးစေချင်ဘူးဆိုတာ က ဦးသိန်းစိန်အစိုးရ နာမည်ကောင်းရသွား မှာ စိုးရိမ်လို့ မထိုးစေချင်တာ၊ နိုင်ငံရေးအမြတ်ထုတ်တာလို့ပဲမြင်တယ်။ အပစ်ရပ်စာချုပ်ကို သဘောတူညီမှုရအောင် ကျွန်တော်တို့အချိန်တွေ အများကြီးပေးပြီး ခက်ခက်ခဲခဲ ဆွေးနွေးညှိနှိုင်းခဲ့ရတာပါ။ စစ်ဒဏ်ခံနေရတဲ့ ဒေသခံတွေရဲ့ မျက်နှာကို ထောက်ထားပြီး ကျွန်တော်တို့ တတ်နိုင်သမျှ အမြန်ဆုံး အပစ်ရပ်စာချုပ်လက်မှတ်ထိုးချင်ပါတယ်။ နိုင်ငံရေးပါတီတွေအနေနဲ့လဲ ငြိမ်းချမ်းရေးကိစ္စကို နိုင်ငံရေးအမြတ်မထုတ်စေချင်ဘူး။ ကိုယ့်ပါတီ ရွေးကောက်ပွဲ အနိုင်ရဖို့ထက် ပြည်သူလူထုမျက်နှာကို ပိုကြည့်ပါလို့ ပြောချင်တယ်” ဟု ၄င်းကဆိုသည်။

“ဖထီးမူတူးကို ကန့်လန့် တိုက်နေတဲ့ နော်စီဖိုးရာစိန်ရဲ့ နောက်မှာ ဘာတွေ ရှိနေသလဲ စဉ်းစားဖို့ လိုတယ်။ သူလည်း ဒေါ်စုနဲ့ တွေ့ပြီး တိတ်တိတ်လေး သဘောတူထားတာ ရှိတယ် လို့ သိရတယ်။ တချို့ကလည်း စီအိုင်အေ ရှိတယ် ဆိုပြီး ပြောနေကြတယ်။ နော်စီဖိုးရာစိန်ရဲ့ နောက်မှာ စီအိုင်အေ မရှိရင်လည်း ဒေါ်စုနောက်မှာ ရှိနေတဲ့ အမ်အိုင်-ဖိုက် တော့ ရှိရင် ရှိမှာပဲ။ ငြိမ်းချမ်းရေး မရအောင်၊ တိုင်းရင်းသားတွေ ဆက်ပြီး ဒုက္ခရောက်နေအောင် ခုလိုလုပ်နေတာကတော့ စိတ်ဓါတ် ယုတ်ညံ့တယ် လို့ပဲ မြင်တယ်။ ရှင်းရှင်းပြောရရင် ဘယ်တိုင်းရင်းသားမှ ဒေါ်စုကို ခေါင်းဆောင် အဖြစ် သတ်မှတ်ထားတာ လုံးဝ မရှိဘူး။ NLD တက်လာရင် စစ်တပ်နဲ့ ပိုပြီး တင်းမာလာမယ်။ ငြိမ်းချမ်းရေး ပိုပြီး ဝေးသွားမယ် လို့ပဲ မြင်တယ်။ NLD အနေနဲ့ ဒီလိုမျိုး ငြိမ်းချမ်းရေးကို အလှမ်းဝေးအောင် လုပ်နေတာဟာ တိုင်းရင်းသားတွေရဲ့ နောက်ကျောကို ဓါးနဲ့ ထိုးနေသလိုပါပဲ။ ဒီအတိုင်းပဲ ကျွန်တော်တို့က မြင်တယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင် လက်ရှိ အစိုးရနဲ့ လက်ရှိစစ်တပ်ခေါင်းဆောင်တွေက ပိုပြီး သဘောထားပြည့်ဝတယ်။ ဒေါ်စုက လက်တွဲလို့ မရတဲ့ အတ္တသမားပဲ။ ဖထီးမူတူးတို့ကိုလည်း နေပြည်တော်မှာ တွေ့တုန်းက မတ်တပ်ရပ် စောင့်ခိုင်းတယ်။ ထိုင်စရာတောင် မပေးဘူး။ ဒေါ်စု မလာသေးလို့ ဆိုပြီး အိမ်အပြင်ဘက်မှ စောင့်ရတယ်။ အိမ်ထဲ မ၀င်ခိုင်းခဲ့ဘူး။ ဘယ်လောက်အထိ ကိန်းကြီး ခမ်းကြီးနိုင်သလဲ ဆိုတာ စဉ်းစားကြည့်။ တိုင်းရင်းသားတွေကို မတူသလို မတန်သလို ဆက်ဆံနေတာ ကြာလှပြီ။ ခုမှ မဟုတ်ဘူး။ တိုင်းရင်းသားတွေက ဝေးလို့ ထားပါဦး၊ တစ်သက်လုံး သူ့အတွက် ထောင်ကျတန်းကျ လုပ်ကိုင်လာခဲ့တဲ့ ၈၈ မျိုးဆက်တွေကိုတောင် ကန်ထုတ်ပြီး ဘေးဖယ်ထားတဲ့ ဒေါ်စုဟာ တိုင်းရင်းသားတွေအတွက် ဘယ်လိုမှ ယုံကြည်လို့မရတဲ့၊ အန္တရာယ်ကြီးတဲ့ နိုင်ငံရေးသမားပဲ” ဟု ၄င်းက ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များနှင့် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့ လာမည့် စက်တင်ဘာလဆန်းပိုင်းတွင် နေပြည်တော်၌ တွေ့ဆုံနိုင်ရန် စီစဉ်လျက်ရှိပြီး ယင်းခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခြင်း မပြုရန် ဆုံးဖြတ်ထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလျှင် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပျက်ပြားသွားနိုင်သောကြောင့် ဖြစ်ကြောင်း သတင်းရရှိသည်။

Credit To >>> ပြည်သူ့အာဏာ News

0 comments:

Post a Comment