24.8.15

ရှေ့နေများအသင်း ဗဟိုကော်မတီဝင် ရွေးချယ်

  မြန်မာနိုင်ငံ ရှေ့နေများ အသင်းတွင် ဗဟိုကော်မတီဝင်များကို တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၃) ခုတွင်  ရွေးချယ်ပြီး ဖြစ်ကြောင်း အသင်း ဖြစ်မြောက်ရေး ကော်မတီဝင်ရှေ့နေ ဦးကိုနီက ပြောသည်။
  ရှေ့နေ လုပ်ငန်းဖြင့် အသက်မွေး ၀မ်းကျောင်း ပြုနေသူများ၏ တရား ဥပဒေအရ ရပိုင်ခွင့်နှင့် အခွင့်အရေးများ တရားဥပဒေ စိုးမိုးရေးကို လုပ်ဆောင်ရာတွင် အစိုးရ၏ အာဏာ အသုံးချမှုအောက်မှ လွတ်မြောက်စေရန် ရည်ရွယ်၍ ယင်းကဲ့သို့ လွတ်လပ်သော မြန်မာနိုင်ငံ ရှေ့နေများ အသင်းကို ဖွဲ့စည်းရခြင်း ဖြစ်သည်။           ''ကျွန်တော်တို့ ဒီအသင်းကြီးကို အပြည်ပြည်ဆိုင်ရာ ရှေ့နေများ အသင်းနဲ့ ချိတ်ဆက် လုပ်ကိုင်နေတာပါ။ လောလောဆယ်တော့ တိုင်းဒေသကြီးနဲ့ ပြည်နယ် (၁၃) ခုလောက်မှာ အဲဒီဒေသက ရှေ့နေတွေနဲ့ ပါဝင် ဖွဲ့စည်းထားတဲ့ ဗဟိုကော်မတီဝင် အများစုကို ရွေးချယ်ပြီးပါပြီ။ ဒီဇင်ဘာလနဲ့ ၂၀၁၆ ဇန်န၀ါရီလ အတွင်းမှာ တရားဝင် အသင်းအဖွဲ့အဖြစ် မှတ်ပုံတင်သွားမှာပါ'' ဟု ရှေ့နေ ဦးကိုနီက ပြောသည်။

          လွတ်လပ်သော မြန်မာနိုင်ငံ ရှေ့နေများ အသင်းကို မြန်မာနိုင်ငံ အတွင်းရှိ အစိုးရ ၀န်ထမ်း မဟုတ်သော ရှေ့နေများဖြင့်သာ ဖွဲ့စည်းသွားမည် ဖြစ်ပြီး အသင်းတွင် ပါဝင်မည့်သူများ၏  ဦးရေမှာ နိုင်ငံတကာ စံချိန်စံညွှန်းအရ ရှေ့နေအယောက် (၁၂၀) ပါဝင်မည် ဖြစ်သည်။

          ''အပြည်ပြည်ဆိုင်ရာ ရှေ့နေများ အသင်းနဲ့ ချိတ်ဆက် လုပ်ဆောင်နေတဲ့ အတွက် ဥပဒေပြုရေး၊ တရားစီရင်ရေးတွေမှာလည်း နိုင်ငံတကာက အကူအညီတွေ၊ စံချိန် စံညွှန်းတွေနဲ့ အညီ ဖြစ်ကြမှာပါ။ ပြီးတော့ အစိုးရက ပါဝင် ပတ်သက်လို့ မရတဲ့အသင်း အဖွဲ့များ ဖြစ်တဲ့အတွက် တရားဥပဒေ စိုးမိုးရေးကို ထိရောက်စွာ လုပ်ကိုင်နိုင်မယ် ထင်ပါတယ်'' ဟု တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

          လွတ်လပ်သော မြန်မာနိုင်ငံ ရှေ့နေများ အသင်းကို နေပြည်တော် တိုင်းဒေသကြီး အပါအ၀င် တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၅) ခုမှ ရှေ့နေများဖြင့် ဖွဲ့စည်းသွားမည် ဖြစ်ပြီး အဆိုပါ ဗဟိုကော်မတီများထဲမှ ဗဟို အလုပ်အမှုဆောင်များကို ထပ်မံ ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။

Cedit To >>> Messenger News

0 comments:

Post a Comment