24.8.15

NCA တွင် တိုင်းရင်းသားလက်နက်ကိုင်များ အားလုံးပါဝင်ရေး ဆွေးနွေးပွဲရက် ထပ်တိုး


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရန်အတွက် တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဆွေးနွေးလျက်ရှိရာ NCA တွင် တိုင်းရင်းသား လက်နက်ကိုင်များ အားလုံး ပါဝင်နိုင်ရေးအတွက် ဆွေးနွေးစရာများ ကျန်နေသောကြောင့် ဆွေးနွေးပွဲကို တစ်ရက် ထပ်တိုးလိုက်ကြောင်း တိုင်းရင်းသားအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဝင် ဖဒိုစောကွယ်ထူးဝင်းက ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်အချို့နှင့် နိုင်ငံတော်သမ္မတတို့ နေပြည်တော်တွင် တွေ့ဆုံမည့် ဆွေးနွေးပွဲမတိုင်မီ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ အနေနှင့် အကြိုဆွေးနွေးမှုကို သြဂုတ်လ ၂၁ ရက်မှ ၂၃ ရက်အထိ ပြုလုပ်ခဲ့သော်လည်း ဆွေးနွေးမှုများ ပြီးပြတ်ခြင်း မရှိသောကြောင့် ယခုကဲ့သို့ ရက်ထပ်မံ တိုးလိုက်ရခြင်း ဖြစ်သည်ဟု ဖဒိုစောကွယ်ထူးဝင်းက ဆိုသည်။
“အားလုံးပါဝင်ရေးဆိုတဲ့ မူပေါ်မှာ နည်းလမ်းရှာ ဆွေးနွေးကြတာပါ။ နေပြည်တော်မှာ ဆွေးနွေးမယ့် ကိစ္စတွေ၊ ရှေ့ဆက်လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေအတွက် ဆွေးနွေးကြတာပါ။ ကြားထဲမှာ ညှိနှိုင်းရတာလေးတွေလည်း ရှိတော့ ပုံမှန်သတ်မှတ်ရက်အတိုင်း မပြီးဘူး ဖြစ်သွားတယ်။ အားလုံး စုစည်းညီညွတ်မှုကို အခြေခံပြီး နိုင်ငံရေးကိုသွားဖို့ အတွက် အကျေအလည် ဆွေးနွေးနေကြရတယ်။ မနက်ဖြန်တော့ အပြီးသတ်နိုင်မှာပါ” ဟု ဖဒိုစောကွယ်ထူးဝင်းက ဆက်ပြောသည်။
နဝမအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) အချောသတ်ဆွေးနွေးပွဲကို ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ရွှေလီလမ်းရှိ မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် သြဂုတ်လ ၆ ရက်မှ ၇ ရက်အထိ နှစ်ရက်ကြာ ပြုလုပ်ခဲ့ပြီး အပစ်အခတ်ရပ်စဲရေးစာချုပ်တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၁၅ ဖွဲ့ဖြင့်သာ စတင်လက်မှတ်ထိုးရန် အစိုးရဘက်က သဘောတူလျက်ရှိပြီး အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) ကမူ ၁၅ ဖွဲ့အပြင် အခြားခြောက်ဖွဲ့ကိုပါ အတူတကွ လက်မှတ်ရေးထိုးရန် လိုလားနေသောကြောင့် ယခုကဲ့သို့ ဆွေးနွေးမှုများ ထပ်မံပြုလုပ်နေကြခြင်း ဖြစ်သည်။
ထို့အပြင် NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် နဝမအကြိမ်မြောက် ဆွေးနွေးပွဲအပြီးတွင် နှစ်ဖက်သဘောတူရန် ကျန်ရှိနေသော အချက်နှင့် ပတ်သက်ပြီး သြဂုတ်လ စတုတ္ထအပတ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ထိပ်သီးခေါင်းဆောင် အချို့နှင့် နိုင်ငံတော်သမ္မတတို့ နေပြည်တော်တွင် တွေ့ဆုံရန် သဘောတူထားသည်။
တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးသွားမည်ဟု ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA)၊ KNU/KNLA-PC (ငြိမ်းချမ်းရေးကောင်စီ) နှင့် DKBA အဖွဲ့တို့က သြဂုတ် ၁၇ ရက်တွင် ပူးတွဲသဘောထား ထုတ်ပြန်ထားသည်။

Credit To >>> The Voice News

0 comments:

Post a Comment