24.8.15

ဂျပန်နှင့် အာဆီယံလေးနိုင်ငံသို့ လေ့လာရေးသွားရောက်မည့် အရှေ့တောင်အာရှနှင့် ဂျပန်လူငယ် သင်္ဘောခရီးစဉ်သို့ မြန်မာလူငယ် ၂၉ ဦး လိုက်ပါမည်ဖြစ်ပြီး ခရီးစဉ် ၅၁ ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရ



ဂျပန်နိုင်ငံနှင့် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မြန်မာ၊ မလေးရှား စသည့်အာဆီယံလေးနိုင်ငံသို့ လေ့လာရေးသွားရောက်မည့် အရှေ့တောင်အာရှနှင့် ဂျပန်လူငယ် လေ့လာရေး ခရီးစဉ်သို့ မြန်မာလူငယ် ၂၉ ဦး လိုက်ပါမည်ဖြစ်ကြောင်း သိရသည်။
အရှေတောင်အာရှနှင့် ဂျပန်လူငယ် သင်္ဘောခရီးစဉ် (Ship for Southest Asian  and Japanese Youth Program-SSEAYP) ကို ဂျပန်နိုင်ငံက ကြီးမှူး၍ အာဆီယံ ၁၀ နိုင်ငံမှ လူငယ်များ ပါဝင်စုစည်းထားသည့် အာရှတွင် အကြီးမားဆုံးသော Cultural Exchange Program ဖြစ်ပြီး ခရီးစဉ်တွင် အာဆီယံနိုင်ငံများမှ တစ်နိုင်ငံလျှင် လူငယ် ၂၈ ဦးနှင့် ကြီးကြပ်သူတစ်ဦး စုစုပေါင်း ၂၉ ဦးစီ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

“အဓိက,ကတော့ နိုင်ငံတွေအချင်းချင်း ယဉ်ကျေးမှုဖလှယ်ဖို့ သွားတာပါ။ နိုင်ငံတကာ ဆက်ဆံရေး အပါအ၀င် ဒေသတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်၊ ယဉ်ကျေးမှု အနုပညာနှင့် သတင်းအချက်အလက်နှင့် မီဒီယာ စတဲ့ကဏ္ဍတွေကို ဖလှယ်သွားကြမှာ ဖြစ်ပါတယ်” ဟု အဆိုပါ သင်္ဘောခရီးစဉ်တွင် ကြီးကြပ်သူအဖြစ် လိုက်ပါမည့် ဦးနန္ဒအောင်က ဆိုသည်။

ယင်းခရီးစဉ်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာအရ တက္ကသိုလ်အသီးသီး၊ နယ်ပယ်အသီးသီးမှ အသက် ၁၈ နှစ်နှင့် ၃၀ နှစ်ကြား လူငယ် ၂၈ ယောက်အား ပညာရေးဝန်ကြီးဌာနမှ အဆင့်ဆင့် စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ခရီးစဉ်အတွက် စခန်းသွင်း လေ့ကျင့်မှုများကိုလည်း ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ဒီခရီးစဉ်အတွက် လေ့ကျင့်မှုမှာ လူငယ်တွေ ကိုယ်ကာယကြံ့ခိုင်မှုကို မြှင့်တင်မှု၊ ပူးပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အထကို ပြုစုပျိုးထောင်မှု၊ နယ်ပယ်အသီးသီးမှာရှိတဲ့ ပညာရှင်တွေက ဗဟုသုတ အသိပညာ မျှဝေတာတွေ၊ ယဉ်ကျေးမှုတက္ကသိုလ်နဲ့ ပူးပေါင်းပြီး မြန်မာ့အနုပညာ အဆိုအကတွေကို လေ့ကျင့်သင်ကြားမှုတွေကို စခန်းသွင်း လေ့ကျင့်ပေးနေပါတယ်” ဟု အဆိုပါလေ့လာရေးခရီးစဉ်တွင် လိုက်ပါမည့် ကျောင်းသူတစ်ဦးက ဆိုသည်။

အရှေ့တောင်အာရှနှင့် ဂျပန်လူငယ် သင်္ဘောခရီးစဉ်မှာ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၁၆ ရက်အထိ ၅၁ ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်ကို ၁၉၇၄ ခုနှစ်တွင် ဂျပန်နိုင်ငံမှ စတင်ကြီးမှူး ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ အနေဖြင့် ၁၉၉၈ ခုနှစ်တွင် စတင်ပါဝင်ခဲ့ခြင်းဖြစ်ကာ ယခုအခါ အဆိုပါ သင်္ဘောခရီးစဉ်မှာ (၄၂) ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း သိရသည်။ ယခင်နှစ်က အဆိုပါ လေ့လာရေးခရီးစဉ် မြန်မာနိုင်ငံ၌ ရောက်ရှိနေစဉ် အချိန်အတွင်း မြန်မာနိုင်ငံ၏ အထင်ကရ နေရာတစ်ခုဖြစ်သည့် ရွှေတိဂုံဘုရားနှင့် ထင်ရှားသည့် နေရာများ အပါအ၀င် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ဆေးတက္ကသိုလ် (ရန်ကုန်)၊ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်များသို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

Credit To >>> Eleven  Media Group

0 comments:

Post a Comment