5.10.15

မြစ်ဆုံစီမံကိန်း ရပ်စဲခြင်းသည် ထာဝရအဖြစ် သေချာစေရန် အလိုရှိကြောင်း မြစ်ဆုံရေကာတာ စီမံကိန်း ရပ်ဆိုင်းခြင်း လေးနှစ်ပြည့် သဘောထား ထုတ်ပြန်ချက် ဒေသခံများနှင့် ကချင်ပြည်နယ် အရပ်ဘက် အဖွဲ့အစည်းများ ထုတ်ပြန်


မြစ်ဆုံရေကာတာ စီမံကိန်းရပ်စဲခြင်းသည် ထာဝရအဖြစ် သေချာစေရန် အလိုရှိကြောင်း မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်း လေးနှစ်ပြည့် သဘောထား ထုတ်ပြန်ချက်ကို ဒေသခံပြည်သူများနှင့် ကချင်ပြည်နယ် အရပ်ဘက် လူ့အဖွဲ့အစည်းများက သတင်းထုတ်ပြန်လိုက်သည်။
အဆိုပါ ထုတ်ပြန်ချက်ကို အရပ်ဘက် အဖွဲ့အစည်းပေါင်း ၁၆၀ ခန့်နှင့် ကချင်ပြည်နယ် ဒေသခံများ၊ မြစ်ဆုံစီမံကိန်း တည်ရှိရာ ရွှေ့ပြောင်းခံ ဒေသခံများ စုပေါင်း၍ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံအတွက် အဓိက တည်ဆောက်မည့် မြစ်ဆုံရေကာတာ စီမံကိန်းကို မြစ်ဆုံဒေသခံများ၊ မြစ်ကြီးနား ဒေသခံများ၊ မြန်မာနိုင်ငံ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် ပြည်သူလူထုများ၏ ၀ိုင်းဝန်းပူးပေါင်းကာ သဘောထား တင်ပြတောင်းဆို မှုများကြောင့် ယနေ့အချိန်အထိ လေးနှစ်တိုင်တိုင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လက်ထက်တွင် ရပ်စဲထားပေးခဲ့သဖြင့် ပြည်သူများ ၀မ်းမြောက် ၀မ်းသာ ဖြစ်ခဲ့ရကြောင်း သဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ကချင်ပြည်နယ် မြစ်ဆုံရေကာတာ စီမံကိန်းသည် မြန်မာနိုင်ငံအတွက် ကောင်းကျိုးထက် ကြောက်မက်ဖွယ် ဆိုးကျိုးများကို ပို၍ဖြစ်ပေါ် ဖန်တီးစေနိုင်သဖြင့် မြစ်ဆုံရေကာတာ စီမံကိန်း ရပ်စဲခြင်းသည် ထာဝရအဖြစ် သေချာစေရန် အလိုရှိနေပြီး မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် ပြောင်းရွှေ့ခံရသော ဒေသခံပြည်သူများ အနေနှင့် ရွာသစ်များ၌ စားဝတ်နေရေး အဆင်မပြေမှု၊ မလုံခြုံမှု များစွာနှင့် အသက်ရှင်သန်ရန် အခက်အခဲများနှင့် ကြုံတွေ့ခံစား နေရသဖြင့် ဘိုးဘေးစဉ်ဆက် ကတည်းက နေထိုင်ခဲ့သော နဂိုမူလ ကျေးရွာများ၌ လွတ်လပ်စွာနှင့် ဂုဏ်သိက္ခာရှိစွာ ပြန်လည်နေထိုင် ပိုင်ဆိုင်ခွင့် ရရှိရန် အလိုရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် နိုင်ငံတော် အစိုးရအနေဖြင့် ပွင့်လင်းမြင်သာမှု မရှိသော၊ ဒေသခံပြည်သူများ၏ သဘောဆန္ဒမပါသည့် မည်သည့်ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု စီမံကိန်းမျိုးကိုမဆို မပြုလုပ်ရန် အလိုရှိပြီး လူ့အခွင့်အရေး၊ စစ်မှန်သော ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရေး၊ သဘာဝ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး လုပ်ငန်းစဉ်များတွင် နိုင်ငံတော် အစိုးရနှင့် ပြည်သူလူထုများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ အတူတကွ လက်တွဲပူးပေါင်း ဆောင်ရွက်သွားရန် အလိုရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်း လေးနှစ်ပြည့် အခမ်းအနားကို အရပ်ဘက် အဖွဲ့အစည်းများနှင့် ဒေသခံများ စုပေါင်း၍ အောက်တိုဘာ ၁၀ ရက်တွင် မြစ်ဆုံတန်ဖရဲကျေးရွာ၌ ပြုလုပ်သွားမည် ဖြစ်သည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်ထက်တွင် ရပ်ဆိုင်းထားမည်ဟု ပြောကြားထားသည့် မြစ်ဆုံစီမံကိန်းသည် ဦးသိန်းစိန်၏ သက်တမ်းကုန်ဆုံးတော့မည့် အချိန်တွင် လူထုအကြား လှုပ်ခတ်မှု ဖြစ်လာနေပြီး လာမည့် အစိုးရ သက်တမ်းတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရဖြစ်ခဲ့ပါက မြစ်ဆုံရေကာတာနှင့် ပတ်သက်၍ အစိုးရ၊ သက်ဆိုင်ရာ ကုမ္ပဏီများနှင့် မည်သို့ သဘောတူညီချက်များ ယူထားသည် ဆိုသည့်အချက်ကို ပြည်သူများသို့ ပထမဆုံးချပြမည် ဖြစ်ကြောင်းနှင့် စီမံကိန်းပါ အချက်အလက်များကို သိရှိရပါက ပြည်သူများ ပူးပေါင်း၍ အဖြေရှာသွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၂ ရက်တွင် ပြောကြားထားသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment