5.10.15

ထိုင်းနိုင်ငံဘုရင်သမီးတော် မဟာချက်ကရီသီရိဒုံ မြိတ်မြို့သို့သွားရောက်လေ့လာ


 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ၌ ရောက်ရှိနေသည့် ထိုင်းနိုင်ငံ ဘုရင့်သမီးတော် မဟာချက်ကရီသီရိဒုံသည် ယနေ့ နံနက်(၁၀)နာရီတွင် ရန်ကုန်မြို့မှ တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်မြို့သို့ အထူးလေယာဉ်ဖြင့် သွားရောက် ကြသည်။

မဟာချက်ကရီသီရိဒုံ မင်းသမီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါက်တာ ကျော်ဆန်းနှင့်ဇနီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းဥက္ကဌ၊ တာဝန်ရှိသူများနှင့် ကျောင်းသား ကျောင်းသူလေးများက မြိတ်လေဆိပ်တွင် ကြိုဆိုကြသည်။
ထို့နောက် မဟာချက်ကရီသီရိဒုံ မင်းသမီးနှင့် အဖွဲ့သည် မြိတ်မြို့ ကျက်သရေဆောင် လေးကျွန်းဆီမီး သိမ်တော်ကြီးဘုရားသို့ သွားရောက်ပြီး ပန်း၊ ဆီမီး၊ ရေချမ်းဆက်ကပ်ပူဇော်လှူဒါန်းကာ ဧည့်သည် တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။
ယင်းနောက် ဘုရားဂေါပကမှ ဘုရားသမိုင်းကြောင်းအား ရှင်းလင်းပြောကြားပြီး အမှတ်တရ လက်ဆောင် ပန်းချီကားအား မဟာချက်ကရီသီရိဒုံ မင်းသမီးထံ ပေးအပ်သည်။
ဆက်လက်၍ မဟာချက်ကရီသီရိဒုံ မင်းသမီးနှင့်အဖွဲ့အား မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းဥက္ကဌ ဦးလှသန်းက မြိတ်မြို့၊ ဗိုလ်ချုပ်လမ်းရှိ Hotel GRAND JADE ၌ နေ့လည်စာဖြင့် တည်ခင်း ဧည့်ခံသည်။
ယင်းနောက် မဟာချက်ကရီသီရိဒုံ မင်းသမီးနှင့် အဖွဲ့သည် မြိတ်မြို့ အလယ်ကျွန်း ရပ်ကွက်ရှိ တောကျောင်း ပရယတ္တိ စာသင်တိုက်သို့ သွားရောက်ပြီး ပဓာန နာယကဆရာတော် မဟာဂန္ဓ၀ါစက ပဏ္ဍိတဘဒ္ဒ န္တ တေဇောဘာသအား သွားရောက်ဖူးမြော်ပြီး ကျောင်းဝင်းအတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ဘုရားနှင့် သိမ်များအား လေ့လာကြည်ညိုသည်။
ထို့နောက် မဟာချက်ကရီသီရိဒုံ မင်းသမီးနှင့်အဖွဲ့သည် မြိတ်တောင် ကျေးရွာအုပ်စုရှိ မိုးကုတ်ဝိပသာနာ ဓမ္မရိပ်သာ အရှေ့သိမ်ကျောင်းသို့ သွားရောက်ကာ ဆရာတော် ဦးသြဘာသအား သွားရောက် ဖူးမျှော်ကြည့်ညိုပြီး ကျောင်းဝင်းအတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ဘုရားနှင့်သိမ်တို့အား လေ့လာကြည်ညိုသည်။
ဆက်လက်ပြီး မဟာချက်ကရီသီရိဒုံ မင်းသမီးနှင့်အဖွဲ့သည် မြိတ်မြို့အတွင်းသို့ မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု လေ့လာကြပြီး ညနေ ၃နာရီ ၁၀ မိနစ်တွင် အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ဆက်လက် ထွက်ခွါရာ တာဝန်ရှိသူများက မြိတ်လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။
ယင်းနောက် ညနေ ၆ နာရီတွင် မဟာချက်ကရီသီရိဒုံ မင်းသမီးနှင့် အဖွဲ့သည် နေပြည်တော် လေဆိပ်သို့ ရောက်ရှိလာရာ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန့်ကျော်နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆို နှုတ်ဆက်ကြသည်။

Credit To >>> The Mirror Daily 

0 comments:

Post a Comment