7.10.15

ပြည်ထောင်စုအဆင့် ဘဏ္ဍာရေး ကော်မရှင်က ပြည်နယ်နှင့် တိုင်းဒေသကြီးများအား ဘတ်ဂျက်ခွဲဝေရာတွင် ပွင့်လင်းမြင်သာမှု မရှိရုံသာမက ဓမ္မဓိဋ္ဌာန်ကျသော စံချိန်စံညွှန်းများ အသုံးပြုထားခြင်း မရှိဟု ဆို


ပြည်ထောင်စုအဆင့် ဘဏ္ဍာရေး ကော်မရှင်မှ ပြည်နယ်နှင့် တိုင်းဒေသကြီးများအား ဘတ်ဂျက် ခွဲဝေရာတွင် ပွင့်လင်း မြင်သာမှု မရှိရုံသာမက ဓမ္မဓိဋ္ဌာန်ကျသော စံချိန်စံညွှန်းများကို အသုံးပြုထားခြင်းလည်း မရှိဟု Australian Department of Foreign  Affairs and Trade မှ ရန်ပုံငွေ ပံ့ပိုးမှုဖြင့် အာရှ ဖောင်ဒေးရှင်း၊ VNG Internationalနှင့် မြန်မာ့ ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ် အဖွဲ့အစည်း စီးပွားရေးနှင့် လူမှု ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့တို့မှ ဆောင်ရွက်ခဲ့သော သင်တန်း လိုအပ်ချက်များ ဆန်းစစ်ခြင်းနှင့် ကနဦး သင်တန်းပေးခြင်း တို့မှ လေ့လာ တွေ့ရှိချက်များအရ သိရသည်။

အဆိုပါ လေ့လာ တွေ့ရှိချက်များတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများသည် ဘတ်ဂျက် ဦးစားပေး အစီအစဉ်များ ရေးဆွဲသတ်မှတ်ရာတွင် ဥပဒေအရ လုပ်ပိုင်ခွင့် အပြည့်အ၀ ရှိသော်လည်း လက်တွေ့ ဘတ်ဂျက် သုံးစွဲနိုင်မှုမှာ ပြည်ထောင်စု အဆင့် ဘဏ္ဍာရေး ကော်မရှင်၏ ဆုံးဖြတ်ချက် အတိုင်းသာ ဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး များအနေဖြင့် ပြည်ထောင်စု ဘတ်ဂျက်မှ မည်ကဲ့သို့ ခွဲဝေရမည်ကို ဘဏ္ဍာရေး ကော်မရှင်မှ နောက်ဆုံး အဆုံးအဖြတ် ပေးပြီး ထိုဆုံးဖြတ်ချက် ချမှတ်သည့် လုပ်ငန်းစဉ်သည် ပွင့်လင်းမြင်သာမှု မရှိရုံမျှမက ဓမ္မဓိဋ္ဌာန် ကျသော စံချိန်စံညွှန်းများကို အသုံးပြုခြင်း မရှိကြောင်းလည်း လေ့လာ တွေ့ရှိချက်တွင် ဖော်ပြထားသည်။
ထို့ပြင် မူဝါဒချမှတ်ခြင်း၊ အခွန်အတုတ် သတ်မှတ် စည်းကြပ်ခြင်း၊ အစိုးရ ရန်ပုံငွေများ ကောက်ခံခြင်း စသော လုပ်ငန်းစဉ် တစ်ခုလုံးသည်လည်း ပြီးပြည့်စုံခြင်း မရှိသေးသော်လည်း ပိုမို တိုးတက် ကောင်းမွန်အောင် လုပ်ဆောင်နိုင်သည့် နေရာများစွာ ရှိနေကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများသည် ထပ်တိုး ဘတ်ဂျက် ခေါင်းစဉ်အောက်မှ နောက်ထပ် အပိုဆောင်း ရန်ပုံငွေများ တောင်းခံခွင့် ရှိနေခြင်းသည် တိကျ ခိုင်မာသော ဘတ်ဂျက် ပြင်ဆင် ရေးဆွဲသည့် အလေ့အထ ထွန်းကားရေးကို အနှောင့်အယှက် အဟန့်အတား ဖြစ်နေပြီး စီမံကိန်း ရေးဆွဲခြင်းနှင့် ဘတ်ဂျက် လျာထား သတ်မှတ်ခြင်း လုပ်ငန်းစဉ်များတွင် ပြည်သူများ ပူးပေါင်း ပါဝင်မှု ရှိစေရေးမှာလည်း အကောင်အထည် မပေါ်ဘဲ ရှိနေသေးကြောင်း လေ့လာ တွေ့ရှိချက်တွင် ထည့်သွင်း ရေးသားထားသည်။
ယင်းအပြင် လက်ရှိ ကျင့်သုံးနေသော ဘဏ္ဍာရေး ဆိုင်ရာ စည်းမျဉ်း စည်းကမ်း အများစုသည် ခေတ်နှင့် မဆီလျော်တော့ကြောင်း၊ မိမိ အဖွဲ့အစည်းအတွင်း မည်သည့် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများကို ပေါင်းစပ် ရွေးချယ် အသုံးပြုမည် ဆိုသည်ကို သက်ဆိုင်ရာ ဘတ်ဂျက် သုံးစွဲသည့် အဖွဲ့အစည်းများရှိ ငွေစာရင်း ဌာနများက ဆုံးဖြတ်လေ့ ရှိကြောင်း၊ ထို့ကြောင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများသည် တစ်သမတ်တည်း ရှိမနေဘဲ ၀န်ကြီးဌာန တစ်ခုနှင့် တစ်ခုအကြား၊ ပြည်နယ်နှင့် တိုင်းဒေသကြီး တစ်ခုနှင့် တစ်ခု အကြား ကွဲပြားခြားနားမှုများ ရှိနေကြောင်းလည်း ဖော်ပြထားသည်။
ပြည်ထောင်စုအဆင့် ဘဏ္ဍာရေး ကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် သမ္မတဦးသိန်းစိန်၊ ဒုဥက္ကဋ္ဌအဖြစ် ဒုသမ္မတများမှ တာဝန်ယူထားပြီး အတွင်းရေးမှူးအဖြစ် ဘဏ္ဍာရေးဝန်ကြီးမှ တာဝန်ယူထားကာ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ၀န်ကြီးချုပ်တို့ ပါဝင်ကြောင်းလည်း သိရသည်။
 
 
Credit To :>>>> Eleven Media Group

0 comments:

Post a Comment