7.10.15

တူရကီ လေပိုင်နက်ကို ကျူးကျော်မိခြင်းသည် ရာသီဥတု မကောင်း၍ဟု ရုရှားဖြေရှင်း


တူရကီ လေပိုင်နက်ထဲ တိုက်လေယာဉ်တစ်စီး နယ်ကျွံ ဝင်ရောက်သွားခြင်းသည် ရာသီဥတု ဆိုးရွားမှုကြောင့်ဟု ရုရှားက အကြောင်းပြ ဖြေရှင်းခဲ့သည်။
တူရကီက အိမ်နီးချင်း ဆီးရီးယား နိုင်ငံတွင် သူပုန်တပ်ဖွဲ့များကို လေကြောင်းမှ တိုက်ခိုက်နေသည့် ရုရှား အနေဖြင့် မိမိတို့ လေပိုင်နက်ထဲ နှစ်ကြိမ်တိုင် ကျူးကျော်ခဲ့ကြောင်း စွပ်စွဲခဲ့ပြီး ရုရှားသံအမတ်ကို ခေါ်ယူ သတိပေးခဲ့သည်။ တူရကီ၏ မဟာမိတ် NATO တပ်ဖွဲ့က အဆိုပါ လေပိုင်နက် ကျူးကျော်မှုကို ရုရှားက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သော်လည်း ရုရှားက မတော်တဆ လွဲချော်မှုသာဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။
ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ပထမအကြိမ် ဖြစ်ရပ်တွင် နယ်မြေ မကျွမ်းကျင်သေးသဖြင့် မတော်တဆ လမ်းကြောင်းမှားကာ တူရကီပိုင်နက်ထဲ ဝင်ရောက်သွားခြင်း ဖြစ်ပြီး ဒုတိယဖြစ်ရပ်တွင် Su-30 ဂျက်တိုက်လေယာဉ်သည် တူရကီဘက်ခြမ်းသို့ စက္ကန့် အနည်းငယ်မျှသာ ရောက်ရှိသွားခြင်းဟု ဆိုသည်။
ဝန်ကြီးဌာနက ဆီးရီးယားတွင် ရုရှားလေယာဉ်များ အခြေစိုက်ထားသည့် ခါမိုင်မင် စစ်စခန်းသည် တူရကီ နယ်စပ်နှင့် ၁၈ မိုင်မျှသာ ကွာဝေးကြောင်း၊ ရာသီဥတု ဆိုးရွားချိန်တွင် Su-30 တိုက်လေယာဉ်က မြောက်ဘက်မှ ချဉ်းကပ်ဆင်းသက်ရန် အကြောင်းဖန်လာပြီး တူရကီပိုင်နက်ဘက် နယ်ကျော် ရောက်ရှိသွားခြင်းဖြစ်ကြောင်း ကြေညာခဲ့သည်။ တူရကီသည် ရုရှားတိုက်လေယာဉ်က ပိုင်နက် ကျူးကျော်လာသည့်နောက် F-16 တိုက်လေယာဉ်များကို အဆိုပါ နေရာသို့ ချက်ချင်း ပျံတက်စေခဲ့သည်။
“ဒါဟာ ရာသီဥတု အဆင်မပြေတာကြောင့် ဖြစ်သွားတဲ့ ကိစ္စပါ။ တခြား ဘာသီအိုရီမှ ထုတ်ကြည့်နေစရာ မလိုပါဘူး”ဟု ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ဆိုသည်။
သို့သော်လည်း NATOဘက်ကမူ ယင်းသည် ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်သည့် အပြုအမူ တစ်ရပ်အဖြစ် စွပ်စွဲထားသည်။ NATO အတွင်းရေးမှူးချုပ် ယန်စ် စတိုလ်တန်ဘာ့ဂ်က “ဒါဟာ မတော်တဆမှု မဟုတ်ပါဘူး။ အပြင်းအထန် စည်းဖောက်မှု ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ဥရောပမှာ ရုရှားလေယာဉ်တွေ ပိုင်နက် ကျူးကျော်ခဲ့တာထက် တူရကီက ဖြစ်ရပ်မှာ အများကြီး အချိန်ပိုကြာပါတယ်”ဟု ဝေဖန် ပြောကြားသွားသည်။

Credit  To >>> 7Day News 

0 comments:

Post a Comment