7.10.15

နာဂတောင်တန်းပေါ်က ဒေါင်းနှင့် ခြင်္သေ့ ပထမဆုံးစီးချင်းထိုးပွဲ


ရွေးကောက်ပွဲဆိုသည့် စကားလုံးကို သင်မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုပါသနည်း။
မြန်မာနိုင်ငံ အနောက်မြောက်ဘက်တောင်တန်းများပေါ်မှ နာဂတိုင်းရင်းသားတစ်ဦးကတော့ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ယခုကဲ့သို့ မှတ်ချက်ပေးခဲ့ဖူးသည်။
‘‘ဘယ်သူ့မှ မယုံဘူး။ ကိုယ်လုပ်စားရမယ့် တောင်ယာရယ်၊ တောင်ယာခုတ်မယ့်ဓားရယ်၊ ပြီးရင် ကျွန်တော့်မိန်းမရယ်ရှိနေရင် ရပြီ’’
လဟယ်မြို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးအောင်က သတင်းထောက်များနှင့် ဥရောပသမဂ္ဂမှ သံတမန်အချို့တို့ကို တွေ့ဆုံစဉ် သူကြားခဲ့ရသည့် တောင်ပေါ်နေ နာဂတိုင်းရင်းသားတစ်ဦး၏ ရွေးကောက်ပွဲအပေါ် သဘောထားကို အောက်တိုဘာအစောပိုင်းက ပြောပြခဲ့ခြင်းဖြစ်သည်။
ရွေးကောက်ပွဲများသည်  နာဂ တိုင်းရင်းသားတို့အတွက် ၎င်းတို့ နှင့်မဆိုင်သည့်ဖြစ်စဉ်တစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။ နိုင်ငံရေးပါတီများ အတွက်လည်း နာဂဒေသသည် ပြိုင်ပွဲနယ်မြေမဟုတ်ခဲ့ပေ။
သို့သော်လည်း လာမည့်လပိုင်းအတွင်း ကျင်းပမည့် ၂၀၁၅ ရွေးကောက်ပွဲတွင်မူ နာဂတောင်တန်းများပေါ်၌ ခြင်္သေ့များဟု အမည်တွင်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ခွပ်ဒေါင်းအဖြစ် လူသိများသည့် အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်တို့ ပြိုင်ဆိုင်ကြတော့မည် ဖြစ်သည်။
လူဦးရေ ငါးသောင်းခန့်ရှိ သော လဟယ်မြို့နယ်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲ တွင် ပါဝင်သည့် မြို့တစ်မြို့ဖြစ် သည်။
ရန်ကုန်မှ မိုင် ၆၅၀ကျော်၊ မန္တလေးမှ မိုင် ၂၆၀ကျော် ကွာဝေးသည့် ချင်းတွင်းမြစ်ဝှမ်းဒေသ တောင်တန်းများပေါ်တွင် တည်ရှိ သည့်လဟယ်မြို့သည် နာဂတိုင်း ရင်းသားမျိုးနွယ်စုများအဓိကနေ ထိုင်ရာဒေသတစ်ခုဖြစ်သည်။
မြူခိုးများအကြားထိုးထွက် နေသော နာဂတောင်တန်းများပေါ်တွင် တည်ထားသည့်တောင်ပေါ်မြို့လေးသည် ပြီးခဲ့သောအတိတ်ကာလများက ရွေးကောက်ပွဲဆို သည့်စကားလုံးနှင့် အလှမ်းဝေးကွာခဲ့သည်။
အငြင်းပွားစရာရလဒ်များနှင့် ပြည့်နှက်နေသော ၂၀၁၀ရွေး ကောက်ပွဲကျင်းပခဲ့စဉ်က နိုင်ငံ တစ်ဝန်းမဲရုံများဆီသို့ မဲဆန္ဒရှင်များ သွားရောက်ခဲ့ကြသော်လည်း လဟယ်မြို့ခံများအတွက် အဆိုပါ  အခွင့်အရေးမရရှိခဲ့ကြပေ။
လဟယ်တွင် ၂၀၁၀ရွေး ကောက်ပွဲကျင်းပချိန်၌ ပြည်သူ့ လွှတ်တော်တစ်နေရာနှင့် တိုင်းဒေကြီးလွှတ်တော်နှစ်နေရာတို့အတွက် ရွေးကောက်ပွဲမကျင်းပဘဲ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီက ပြိုင်ဘက်မရှိ အနိုင် ရ ဗိုလ်စွဲခဲ့သည်။
သို့သော်လည်းလွန်ခဲ့သည့် သုံးနှစ်ခန့်က ပြည်ခိုင်ဖြိုး၏ ပြိုင် ဘက်မရှိ စိုးမိုးခဲ့မှုကို စိန်ခေါ်မည့် သူများ ထွက်ပေါ်လာခဲ့သည်။
ချမ်းအေးလှသော ၂၀၁၂၏ နှစ်ဦးကာလများတွင် ထွေအုပ်စာရေးဟောင်း ဦးလော်ယုံကသူ၏ လုပ်ဖော်ကိုင်ဖက်အချို့ကို စုစည်း ပြီး ၂၀၁၅ရွေးကောက်ပွဲတွင်ပြည် ခိုင်ဖြိုးကို စိန်ခေါ်ရန် စတင်ကြိုးပမ်းခဲ့သည်။
လဟယ်နှစ်ခြင်းအသင်း တော် ဥက္ကဋ္ဌဟောင်းလည်းဖြစ်သည့် ဦးလော်ယုံနှင့် ဒေသခံအချို့ သည် နာဂတောင်တန်းပေါ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါ တီမြို့နယ်ခွဲ ဖွဲ့စည်းရန် ၂၀၁၂ ဖေဖော်ဝါရီအတွင်းက စတင်ကြိုးပမ်းခဲ့ကြသည်။
‘‘အဲဒီတုန်းက ‘ဦးလော်ယုံ သိပ်မလောနဲ့ မင်းသွားရမယ့်လမ်းကနီးနေပြီ’ဆိုပြီး အိမ်ရှေ့မှာ စာလာကပ်တယ်’’ဟု အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် စတင်ဖွဲ့စည်းသည့်အချိန်က ကြုံတွေ့ခဲ့ရမှုများအကြောင်း ဦးလော်ယုံက ပြန်ပြောပြသည်။
နောက်သီတင်းပတ်အနည်း ငယ်ကြာတွင် ဂက်စ်ဘူးဖြင့် တွဲ ချည်ထားသည့်လက်လုပ်မိုင်းတစ် လုံးသူ၏ အိမ်ရှေ့တွင် ထပ်မံရှာ ဖွေတွေ့ရှိခဲ့ကြောင်း ဦးလော်ယုံက ဆိုသည်။
အထက်ပါ အဖြစ်အပျက်များကိုအမည်မသိသူများ၏ ခြိမ်းခြောက်မှုဟု ဦးလော်ယုံက 7 Day Newsနှင့် သီးသန့်တွေ့ဆုံစဉ်ပြောကြားခဲ့ပြီးနောက် နာဂတောင်တန်းပေါ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မရှိစေချင်သူတို့၏ လုပ် ရပ်ဟုလည်းစွပ်စွဲခဲ့သည်။
အထက်ပါအဖြစ်အပျက်များဖြစ်ပွားပြီးနောက် နာဂတောင်တန်းပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အလံကို စိုက်ထူနိုင်ခဲ့သည်။
ဦးလော်ယုံနှင့်သူ၏ မိတ်ဆွေများလှုပ်ရှားမှုသည် ပြည်မတွင် လူကြိုက်များသည့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်နှင့် နာဂတောင် တန်းဒေသကို ပထမဆုံးအကြိမ် မိတ်ဆက်ပေးခဲ့ခြင်းဖြစ်သည်။
ထိုကာလမတိုင်မီကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နာဂတောင်တန်းဒေသအ တွက် သူစိမ်းဆန်သောအဖွဲ့အ စည်းဖြစ်ခဲ့သည်။
တောင်ပြိုကမ်းပြိုနိုင်ခဲ့သည် ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ကြွေးကြော်ခဲ့သော ၁၉၉၀ရွေး ကောက်ပွဲတုန်းကလည်း ယင်း အောင်မြင်မှုတွင် နာဂဒေသမပါ ၀င်ခဲ့။ ထိုစဉ်က လဟယ်တွင် နာဂ တောင်တန်းဒေသဖွံ့ဖြိုးတိုးတက် ရေးပါတီကအောင်ပွဲခံခဲ့သည်။
ယခုတော့ အနီရောင် အောက်ခံပေါ်တွင် ခွပ်ဒေါင်းနှင့် ကြယ်ဖြူတံဆိပ်ပါသည့်အလံများ သည် လဟယ်မြို့လယ်တွင် ဖွင့်ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၏ အလံတိုင်ထိပ်တွင် တလူလူလွင့်နေပြီဖြစ်သည်။
နာဂတောင်တန်းတွင် ပထမ ဆုံးအကြိမ်ဖွင့်လှစ်ခဲ့သည့်အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၏ မျက်နှာချင်းဆိုင်တွင်တော့ ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရုံးလည်းရှိသည်။
လဟယ်တွင် အင်အားကြီး ပါတီနှစ်ခု၏ရုံးခန်းများသာ ထိပ် တိုက်ရှိနေခဲ့ခြင်းမဟုတ်ပေ။ ပါတီဝင်များအကြားလည်း ထိပ်တိုက်ရင်ဆိုင်မှုများရှိနေသည်။
၂၀၁၀ တွင် လွှတ်တော်သုံး ရပ်စလုံးကို အနိုင်ရရှိခဲ့သည့် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကိုယှဉ်ပြိုင်ရန် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း လွှတ်တော်နေရာသုံးခုစလုံးအတွက် အမည်စာရင်းတင်သွင်းခဲ့သည်။
ရွေးကောက်ပွဲနီးလာသည် နှင့်အမျှ ပါတီနှစ်ခုအကြား ပြိုင် ဆိုင်မှုမှာ စာရွက်ပေါ်တွင် သာမက မြေပြင်တွင်ပါ ပြင်းထန်လာခဲ့သည်။
‘‘USDP (ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး)ပါတီအနေနဲ့ သူတို့ မဲဆွယ်စည်းရုံးတဲ့ နေရာမှာ လက်နက်ကိုင်အဖွဲ့အစည်းပေါ့ နော်။ မြေအောက်လက်နက်ကိုင် အဖွဲ့အစည်းကို အသုံးချတာရှိတယ်’’ဟု ဦးလော်ယုံက စွပ်စွဲ သည်။
နာဂဒေသတွင် ဒေသခံများ အကြောက်ရွံ့ဆုံးမှာ မြေအောက် လက်နက်ကိုင်အဖွဲ့အစည်းနှင့် အာဏာပိုင်အဖွဲ့အစည်းတို့ ဖြစ် နေချိန်၌ ရွေးကောက်ပွဲမဲဆွယ် မှုတွင် အဆိုပါအဖွဲ့အစည်းများ ပါဝင်ပတ်သက်လာသည်က ၎င်း တို့ရရှိမည့်မဲများအတွက် စိုးရိမ်စရာဖြစ်ကြောင်း ဦးလော်ယုံက ဆို သည်။
‘‘NLD ပါတီရွေးကောက်ပွဲ နိုင်ရင် အာဏာမလွှဲပေးဘူးဆိုပြီး ပြောတာတွေရှိတယ်’’ဟု ဦးလော်ယုံက ဆက်လက်ပြောကြားသည်။
လဟယ်မြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဘက်ကမူ လူမျိုးဘာသာကိုအသုံးချပြီး  မဲဆွယ်ခြင်းအပါအ၀င် တရားဥပဒေအပြင်ဘက်မှ စည်းရုံးမှုမျိုးမပြုလုပ်ရန် ၎င်းတို့ ကိုယ်စားလှယ်များအား ရှင်းရှင်းလင်းလင်းအသိပေးထားပြီးဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။
‘‘မလျော်သြဇာသုံးတယ်ဆို ရင် သူတို့ (ကိုယ်စားလှယ်လောင်း) ချင်းတရားစွဲလို့ရပါတယ်’’ဟု လဟယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးနေ၀င်းကဆိုသည်။
ပါတီနှစ်ခုအကြားပြိုင်ဆိုင်မှု ပြင်းထန်နေပြီး အနိုင်ရမည်ဟု ကိုယ်စီယုံကြည်ချက်များလည်း ပြင်းထန်နေကြသည်။
မဲပေးခွင့်ရှိသူ ၂၆,၀၀၀ ကျော်ရှိသည့် လဟယ်တွင် ၎င်းတို့ပါတီ ၀င်အင်အားမှာ ၁၄,၀၀၀ ကျော်ရှိ နေပြီး ရွေးကောက်ပွဲ၌ ၎င်းတို့သာ အနိုင်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဘက်က ဆိုသည်။
ပြီးခဲ့သည့် ငါးနှစ်တာကာလ အတွင်း ၎င်းတို့အာဏာရစဉ်ဒေသ အတွင်း အခြေအနေတိုးတက် အောင် ဆောင်ရွက်နိုင်ခဲ့သော ကြောင့် ပြည်သူများက ၎င်းတို့ကို ဆက်လက်ထောက်ခံလိမ့်မည်ဟု ဦးနေ၀င်းက ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဘက်ကတော့ ခြားနားသည့် အမြင်ရှိနေပြီး ရွေးကောက်ပွဲသာ မှန်မှန်ကန်ကန်ဆောင်ရွက်ပါက နေရာအားလုံး ၎င်းတို့သာအနိုင်ရ မည်ဟု ဆိုသည်။
‘‘NLD ကို အားပေးလို့ အ ကြောင်းအမျိုးမျိုးကြောင့် NLD နိုင်သွားရင် အဲဒီရွာကိုမောင်းထုတ် မယ်လို့ ပြောတယ်။ ဒါတွေကို စောင့်ကြည့်နေတယ်’’ဟု အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စား ပြုပြီး တိုင်းဒေသကြီးလွှတ်တော်  တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ဦး လော်ယုံက ပြောသည်။
ရေခဲမှတ်နီးပါးအေးလေ့ရှိသည့် လဟယ်မြို့၏ ဆောင်းဦးကာလသို့ ရောက်ရှိချိန်တွင် လ ဟယ်အပါအ၀င် မြန်မာနိုင်ငံတစ် ၀န်းလုံး၌ ရွေးကောက်ပွဲကျင်းပမည် ဖြစ်သည်။
လာမည့် ၂၀၁၅ ရွေးကောက်ပွဲသည် အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် သမိုင်းတစ်လျှောက် နာဂတောင်တန်းတွင် ပထမဆုံး ခြေဆန့်သည့်ပြိုင်ပွဲဖြစ်ကာ နာဂ တောင်တန်းပေါ်၌ ခြင်္သေ့နှင့် ဒေါင်းတို့အကြား ပထမဆုံးစီးချင်း ထိုးမည့် တိုက်ပွဲလည်းဖြစ်လာမည် ဖြစ်သည်။

Credit To >>> 7Day News 

0 comments:

Post a Comment