9.10.15

တောင်ကိုရီးယားမှ ဆမ်ဆောင်းပိုင်ရှင် လီမိသားစုက အာရှ၏ အချမ်းသာဆုံး မိသားစုဖြစ်ကြောင်း ဖို့ဘ်က ဖော်ပြ


ဆမ်ဆောင်း လုပ်ငန်းစုကြီးကို ထိန်းချုပ်ထားသော တောင်ကိုရီးယား၏ လီမိသားစုသည် အာရှတွင် အချမ်းသာဆုံး မိသားစု ဖြစ်ကြောင်း ဖို့ဘ်အာရှမဂ္ဂဇင်းက အောက်တိုဘာ ၈ ရက်တွင် ပထမဆုံး ထုတ်ပြန်သော အာရှ၏ အချမ်းသာဆုံး မိသားစု ၅၀ စာရင်း၌ ဖော်ပြခဲ့သည်။

စက်တင်ဘာ နှောင်းပိုင်းအထိ စုစုပေါင်း ဒေါ်လာ ၂၆ ဒသမ ၆ ဘီလျံ ကြွယ်ဝသော လီမိသားစုသည် စီးပွားရေးလုပ်ငန်း ၅၀ ကျော်အား ဦးစီးနေကြောင်း Forbe Asia မဂ္ဂဇင်းက ပြောကြားခဲ့သည်။
မြေပိုင်ရှင်သူဌေး၏သား လီဗြောင်ချူးက ၁၉၃၈ ခုနှစ်တွင် တည်ထောင်ခဲ့သော ဆမ်ဆောင်းလုပ်ငန်းစုသည် မိုဘိုင်းဖုန်း လုပ်ငန်းမှသည် ဆောက်လုပ်ရေး လုပ်ငန်းနှင့် သင်္ဘောတည်ဆောက်ရေး လုပ်ငန်းအထိ လုပ်ငန်းမျိုးစုံကို လုပ်ကိုင်နေသော ကုမ္ပဏီစုကြီးဖြစ်သည်။
တောင်ကိုရီးယား စီးပွားရေးကို လွှမ်းမိုးထားသော မိသားစုဦးစီးသည့် ဆမ်ဆောင်း အင်ပါယာသည် ၂၀၁၄ ခုနှစ်တွင် နိုင်ငံဂျီဒီပီ၏ ၂၂ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးနေသော လုပ်ငန်းကြီးဖြစ်ကြောင်း ဖို့ဘ်အာရှက ပြောကြားခဲ့သည်။
အာရှတွင် အချမ်းသာဆုံး မိသားစုများ၏ ထက်ဝက်နီးပါးသည် တရုတ်အနွယ်များ ဖြစ်ကြသော်လည်း Forbe Asia ၏ အာရှအချမ်းသာဆုံး မိသားစု (၅၀) စာရင်းတွင် ပြည်မကြီး၌ အခြေစိုက်သည့် မိသားစုတစ်စုမျှ မပါဝင်ခဲ့ပေ။ ပြည်မကြီးတွင် စီးပွားရေး လုပ်ငန်းကြီးများအား ငယ်ရွယ်သော ပထမမျိုးဆက် လူငယ်များက ဦးစီးနေကြကြောင်း Forbe Asia ၏ အစီရင်ခံစာက ဆိုသည်။
အာရှတွင် ဒုတိယအချမ်းသာဆုံး မိသားစုသည် ဟောင်ကောင်မှ တရုတ်မိသား စုဖြစ်ပြီး Henderson Development လုပ်ငန်းပိုင်ဆိုင်သော လီမျိုးနွယ်မိသားစု ဖြစ်သည်။ ယင်းမိသားစုသည် ဒေါ်လာ ၂၄ ဒသမ ၁ ဘီလျံ ကြွယ်ဝသည်။ တတိယ အချမ်းသာဆုံး မိသားစုသည် အိန္ဒိယ၏ Reliance အုပ်စုဖြစ်ပြီး ဒေါ်လာ ၂၁ ဒသမ ၅ ဘီလျံ ချမ်းသာသည်။ စတုတ္ထ အချမ်းသာဆုံး မိသားစုသည် ထိုင်းမှဖြစ်ပြီး စိုက်ပျိုးရေး အခြေစိုက် Charoen Pokphand အုပ်စု၏ ချီအာရာဗာနွန့် မိသားစုဖြစ်ပြီး ဒေါ်လာ ၁၉ ဒသမ ၉ ဘီလျံ ကြွယ်ဝသည်။
အာရှအချမ်းသာဆုံး မိသားစုများ စာရင်းတွင် ပဉ္စမနေရာကို ရရှိခဲ့သည့် မိသားစုသည် ဟောင်ကောင်မှ ကွက်မိသားစု ဖြစ်သည်။ ဟောင်ကောင်၏ Sun Hung Kai အိမ်ခြံမြေလုပ်ငန်းကို ထိန်းချုပ်ထားသော ကွက်မိသားစုသည် ဒေါ်လာ ၁၉ ဒသမ ၅ ဘီလျံ ကြွယ်ဝချမ်းသာသည်။ မိသားစု၏ ကြွယ်ဝချမ်းသာမှုကို တွက်ချက်ရာတွင် မျိုးဆက်သုံးဆက်အထိ ထည့်သွင်း တွက်ချက်ကြောင်း ဖို့ဘ်က ပြောကြားခဲ့သည်။
ဖို့ဘ်၏ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များ စာရင်းတွင် ပါဝင်သော အာရှအချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဟောင်ကောင်သူဌေးကြီး လီကာရှင်းသည် စီးပွားရေးလုပ်ငန်း၌ မြေးမျိုးဆက်ကို အဓိက အခန်းကဏ္ဍ မပေးထားသောကြောင့် ယခုစာရင်းတွင် မပါဝင်ကြောင်း ဖို့ဘ်က ပြောကြားခဲ့သည်။ အာရှ အချမ်းသာဆုံး မိသားစုစာရင်းတွင် အဆင့် ၁၀ ရရှိသော အိန္ဒိယမှ မီထရီ မိသားစုသည် ဒေါ်လာ ၁၄ ဒသမ ၉ ဘီလျံ ကြွယ်ဝချမ်းသာသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment