20.10.15

သူခိုးမဝင်နိုင်အောင် ဆိုင်ခန်းတံခါးကို လျှပ်စီးလွှတ်ထားသူများ ဖမ်းဆီးခံရ

သာကေတမြို့နယ်၊ ၄/မြောက် ရပ်ကွက်၊ အောင်မင်္ဂလာလမ်းတွင် အောက်တိုဘာလ ၁၈ ရက် နံနက် ၁ နာရီခွဲ ခန့်က ဆွမ်းခံကြွလာသည့် သံဃာများကို ဓာတ်ပုံရိုက်သူ အသက် ၃၈ နှစ် အရွယ်ရှိ အမျိုးသားတစ်ဦး ယင်းလမ်းဘေးရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင် တံခါးနှင့် ထိမိရာမှ ဓာတ်လိုက်သေဆုံးခဲ့သောကြောင့် လူသေဆုံး စေရန် ဆိုင်ခန်းတံခါးကို လျှပ်စီးလွှတ်ထားသည့် ဆိုင်ပိုင်ရှင် အမျိုးသမီးနှင့် လျှပ်စစ်မီး သွယ်တန်းပေးသူ အမျိုးသားတို့ကို ဖမ်းဆီးစစ်ဆေးနေကြောင်း သာကေတမြို့မ ရဲစခန်းထံမှ သိရှိရသည်။

“ဆိုင်ထဲ သူခိုးမဝင်နိုင်အောင် ဆိုင်တံခါး သွပ်ပြားတွေမှာ လျှပ်စီးလွှတ်ထားတာလို့ ဆိုင်ပိုင်ရှင်က ပြောတယ်၊ ဒါပေမဲ့ ခွင့်ပြုချက် မရဘဲ မိမိသဘောနဲ့ တပ်ဆင်ခဲ့တာကြောင့် အပြစ်မရှိတဲ့ လူတစ်ဦး ဓာတ်လိုက် သေဆုံးခဲ့ရတယ်၊ သူခိုးရန် ကြောက်တယ်ဆို အသံမြည်စေမယ့် အရာမျိုး တပ်ဆင်ထားသင့်တယ်၊ ” ဟု သာကေတမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
အဆိုပါ ဓာတ်လိုက်သေဆုံးခဲ့သူ ဦးလှိုင်ဝင်းဟန်မှာ ယင်းနေ့က အောင်မင်္ဂလာလမ်းထိပ်ရှိ ဆွမ်းချက်ရုံ၌ ဝိုင်းကူ လုပ်ကိုင်နေရာမှ ဆွမ်းခံကြွလာသည့် သံဃာများကို ရပ်ကွက်နေသူများက ဆွမ်းလောင်းစဉ် ၎င်းက လက်ကိုင် ဖုန်းဖြင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြောင်း၊ ယင်းသို့ ဓာတ်ပုံရိုက်နေစဉ် လမ်းဘေးရှိ လင်းလင်းလက် လျှပ်စစ် ပစ္စည်းအရောင်းဆိုင်ရှေ့အရောက် ဆိုင်တံခါးသွပ်ပြားနှင့် ၎င်း၏ ကျောထိကာ လဲကျခဲ့သောကြောင့် ရပ်ကွက် နေသူများက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့စဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ယင်းရပ်ကွက်နေသူများထံမှ သိရှိရသည်။
“ဖုန်းနဲ့ ဓာတ်ပုံရိုက်နေရင်း လဲကျသွားလို့ သူ့ကို သွားထူတော့ ကိုယ်ပါ ဓာတ်လိုက်သလို ခံစားလိုက်ရတယ်၊ ဒါကြောင့် သူဝတ်ထားတဲ့ ပုဆိုးစကို ဆောင့်ဆွဲပြီး ဓာတ်မလိုက်တော့မယ့် နေရာအထိရောက်အောင် ဆွဲထုတ် ခဲ့ရတယ် ၊ ဆေးရုံရောက်လို့ နာရီဝက်အကြာမှာ သူဆုံးသွားတယ်၊ ဒီဆိုင်တံခါးတွေမှာ လျှပ်စီးတွေ လွှတ်ထားတယ်ဆိုတာ လူသေဆုံးခဲ့မှ ရပ်ကွက်ထဲကလူတွေ သိခဲ့ရတာ ” ဟု ဓာတ်လိုက်မှုဖြစ်ပွားစဉ် ကယ်ဆယ်ရေး ဆောင်ရွက်ပေးခဲ့သည့် အသက် ၂၆ နှစ် အရွယ်ရှိ အမျိုးသားက ပြောကြားသည်။
ယင်းဆိုင်တံခါးတွင် လျှပ်စီးများ လွှတ်ထားသည့် ဆိုင်ပိုင်ရှင်မှာ ယင်းရပ်ကွက်တွင် နေထိုင်သူ အသက် ၃၆ နှစ် အရွယ်ရှိ ဒေါ်အေးအေးဝင်းဖြစ်ပြီး လွန်ခဲ့သည့် ရက်ပိုင်းက တစ်ရပ်ကွက်တည်း နေထိုင်သူ အသက် ၄၅ နှစ် အရွယ်ရှိ ဦးထိန်လင်းက ဆိုင်တံခါး သွပ်ပြားများ၌ လျှပ်စစ်ကြိုးများ သွယ်တန်းကာ လျှပ်စစ်ဓာတ်များ လွှတ်ရန် တပ်ဆင်ပေးခဲ့ကြောင်း သိရှိသောကြောင့် ၎င်းတို့နှစ်ဦးကို (ပ) ၅၈၃/ ၁၅၊ ပုဒ်မ ၃၀၄-က/၁၁၄ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သာကေတမြို့မ ရဲစခန်းထံမှ သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြောင်းမျိုးစုံဖြင့် နေ့စဉ် လူသေဆုံးမှု ရှစ်မှုခန့် ရှိပြီး ယင်းအမှုများတွင် ဓာတ်လိုက်မှုကြောင့် တစ်ရက်လျှင် တစ်ဦးခန့် သေဆုံးနေကြောင်း မှုခင်းဖြစ်စဉ်များထံမှ စုံစမ်းသိရှိရသည်။

Credit To >>> The Voice News

0 comments:

Post a Comment