20.10.15

တရုတ်နိုင်ငံသို့ သစ်မှောင်ခိုထုတ်ရန် ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း လုပ်ငန်း ပြင်ဆင်မှုများ ရှိနေ


ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း တရုတ်နိုင်ငံသို့ မှောင်ခိုသစ် ထုတ်လုပ်ရန် လုပ်ငန်း ပြင်ဆင်မှုများ ရှိလာကြောင်း ဒေသခံ သစ်မှောင်ခို ကားမောင်းသူများနှင့် ဗန်းမော်အောက်ချောင်း ဒေသခံများက ဆိုသည်။
အဆိုပါ ပြင်ဆင်မှုများ လုပ်နေကြသူများမှာ သစ်မှောင်ခိုမှော်များတွင် ဈေးရောင်းချသူများ၊  သစ်တင်ကားသမားများ ဖြစ်ကြောင်း၊ နိုဝင်ဘာလ ရွေးကောက်ပွဲ ကာလအတွင်း သစ်မှောင်ခိုထုတ်ရန်   အဓိက မျှော်မှန်းလုပ်ဆောင်ကြရန် ဖြစ်ကြောင်း သတင်းရရှိသည်။

သစ်မှောင်ခို ကားမောင်းခဲ့သူ (ယခုနှစ်လည်း သွားရန်ရှိသူ) တစ်ဦးက “ဗန်းမော်ကနေ တစ်ရက်ကို သုံးစီး၊ ငါးစီးဝန်းကျင်လောက် နေ့တိုင်းအထွက် ရှိနေတယ်။ အဓိက,ကတော့ ဆီ၊ စားသောက်ကုန်၊ ဈေးကြီးအရက်နှင့် ဘီယာတွေ အစုံပေါ့ဗျာ။ စုနေကြတာ။ ဆိုင်တွေလည်း ဆောက်နေကြပြီ။ လောင်စာဆီနဲ့ ကားတွေက လွန်ခဲ့တဲ့ နှစ်တွေတုန်းက အပိတ်ခံရဖူးတယ်။ အဲဒါကြောင့် အစောကြီး သယ်ရတာ။ သစ်တွေက မနှစ်တုန်းက တိုက်ပွဲတွေဖြစ်၊ မိုးတွေကျလာဆိုတော့ အများစုက တောထဲမှာ ကျန်ခဲ့တာ။ တပ်မတော်ပိုင်းကလည်း  မဖမ်းနိုင်ဘူးလေ။ အခုတော့ အဲဒီသစ်တွေကတော့ လုပ်ဖြစ်ဖို့ များတယ်။ သစ်အများစုက အောက်ချောင်းဒေသနဲ့ ရှမ်းပြည်မြောက်ပိုင်း နယ်စပ် ရွှေလီမြစ်ကြောင်း တစ်လျှောက်မှာလည်း ကျန်ခဲ့တာရှိတယ်။ သစ်တန်ချိန်ကတော့ အားလုံး မတွေ့ဖူးတော့ မှန်းလို့မရဘူး။ သစ်မှောင်ခို လုပ်ငန်းက အခုတော့ မဖြစ်ကြသေးဘူး” ဟု ပြောကြားသည်။
၎င်းက “မနှစ်ကဖြစ်ခဲ့တာက နန့်ဟိုင် လေယာဉ်ကွင်းဟောင်း နေရာပေါ့။ အားလုံးရတယ်။ ဘိန်းခန်း၊ ဖိုးခန်း၊ မကောင်းတာ အကုန်ရတယ်။ တရုတ်က ဆေးပြားနဲ့ သစ်နဲ့လည်း လဲတယ်။ ဒီနှစ်လည်း အလုပ်ဖြစ်ရင် အဲဒီဘက်နဲ့ ရှမ်းမြောက်ဘက်ပဲ ရှိမယ်။ ဒီနှစ်တော့ မံစီဘက်ထွက်တဲ့ လမ်းမှာက တပ်ရင်း (တပ်မတော်)  အရမ်းများတယ်” ဟု ဆက်လက် ပြောကြားသည်။
အောက်ချောင်းဒေသ တံတားကျေးရွာဘက်မှ  သစ်မှောင်ခို လုပ်ကိုင်ခဲ့သူ  ဒေသခံ တစ်ဦးက “ကျွန်တော်တို့ မနှစ်ကတော့ တိုက်ပွဲကြားမှာ အလုပ်သိပ်မဖြစ်ဘူး။ တစ်ခေါက် နှစ်ခေါက်ပဲ သယ်ရတယ်။  တိုက်ပွဲတွေဖြစ်တော့ ပုန်းနေရတာ များတယ်။  ဒီနှစ်တော့ စောင့်ကြည့်ဦးမယ်။ မနှစ်က သစ်တွေ အများကြီး ကျန်သေးတယ်။ မြန်မာလောပန်း၊ တရုတ် လောပန်းဆိုတာ မရှိဘူး။ တရုတ်လောပန်းရဲ့ ကိုယ်စားလှယ်ချည်းပါ။  ဒေသခံတွေလည်း ရွေးကောက်ပွဲ ရာသီကို မျှော်နေတာ။ တရုတ်ကလည်း ကားနဲ့ သစ်နဲ့လဲထားတော့ ကားက ရွာတိုင်းမှာ အနည်းဆုံးက ၁၀ စီးထက်မနည်း ရှိနေတာ။ တချို့ရွာကြီးတွေက ၃၀၀ ၀န်းကျင်လောက်ကို ရှိနေတာ။ ကချင်ပြည်နယ်မှာ သစ်မှောင်ခိုဖြစ်ဖို့က စစ်ကိုင်းတိုင်း အထက်ပိုင်းက သစ်အထွက်ကို မျှော်နေရတာ။ ကချင်ပြည်နယ်ထဲ ရောက်ရင်တော့  တရုတ်ကို ထွက်တဲ့လမ်းက အများကြီးပါ။  ကိုယ့်အတွက် ကျန်၊ မကျန်တာ တွက်ရမှာ။ (ဒေါ်အောင်ဆန်းစုကြည်၏ ဒေသခံ အာဏာပိုင်များ သစ်မှောင်ခို ကိစ္စတွင် ပတ်သက်မှုများ ရှိနေကြောင်း ဝေဖန်မှုနှင့် ပတ်သက်ပြီး) ကျွန်တော် ကြုံဖူးတာက မဘိမ်းနယ်မှာဆိုရင် အစိုးရပိုင်းက တောင်းတာများတယ်။ ဌာနစုံကို ပေးရတာ။ မံစီနယ်မှာက  ကေအိုင်အေ လက်နက်ကိုင်လည်းရှိတော့ အုပ်ချုပ်ရေးဘက်က မလာရဲဘူး။ အများစုက တပ်မတော်နဲ့ လက်နက်ကိုင်တွေပဲ အများဆုံး ပေးရတာ။ ဌာနဆိုင်ရာတွေကို ပို့ပေးရတာတော့ ရှိနေတယ်” ဟု ပြောကြားသည်။
မြန်မာနိုင်ငံအတွင်း သစ်မှောင်ခို သယ်ဆောင်ရာတွင် အဓိကအသုံးပြုသည့် မော်တော်ယာဉ်မှာ တရုတ်နိုင်ငံ စစ်တပ်သုံး (ယန်းဖောင်) (အက်ဖိုး) ကားအကြီးစားများဖြစ်ပြီး တန်ချိန် ၂၀ ကျော်ကို အလွယ်တကူ သယ်ဆောင်နိုင်ကြောင်း၊ ယင်းမော်တော်ယာဉ်များ ရောက်ရှိလာသည်မှာ တရုတ်နိုင်ငံ အရပ်ဘက်၊  စစ်ဘက်အရာရှိများနှင့် ဆယ်နွှဲနိုင်ကြောင်းလည်း ဒေသခံများက သုံးသပ်ကြသည်။
ဗန်းမော်ခရိုင်အတွင်း နှစ်စဉ် သစ်မှောင်ခိုလုပ်ငန်းများနှင့် ပတ်သက်ပြီး  လာဘ်ပေး လာဘ်ယူမှု၊ မူးယစ်ဆေးဝါးများ သုံးစွဲခြင်း မြင့်တက်လာမှု၊ လူမှောင်ခို ဖြစ်ပွားမှုများပါ ဖြစ်ပေါ်ခဲ့ပြီး ဒေသအတွင်း နှစ်ဖက်လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရ၀န်ထမ်း အရာရှိများ၊ လွှတ်တော်ကိုယ်စားလှယ် ၀န်ထမ်းများပါ လာဘ်ပေး လာဘ်ယူမှု၌ ပါဝင်ပတ်သက်နေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း မည်သည့်စစ်ဆေးမှုမျှ လုပ်ခဲ့သည်ကို မတွေ့ရပေ။ အစိုးရတပ်နှင့် ကေအိုင်အိုင် လက်နက်ကိုင်အဖွဲ့တို့သည်  ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်း သစ်မှောင်ခိုကိစ္စကို အကြောင်းပြု၍ ၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး သစ်တန်ပေါင်းများစွာကိုလည်း ဖမ်းဆီးမိခဲ့သည်။ ယင်းသစ်များမှာလည်း ကသာခရိုင်နှင့် ကချင်ပြည်နယ် ရွှေကူမြို့နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်၊ မိုးမောက်ဘက်မှ ရောက်ရှိလာသော ကျွန်းနှင့် တမလန်းသစ်များဖြစ်ကြောင်း သိရသည်။
 
 
Credit To >>> Eleven Media Group

0 comments:

Post a Comment