20.10.15

တပ်မတော်စစ်ကြောင်းများနှင့် SSA (၀မ်ဟိုင်း)တို့ (၃၇) ကြိမ် ထိတွေ့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး နှစ်ဘက် အသက် ဆုံးရှုံးမှုများ ရှိခဲ့ဟု သတင်းထုတ်ပြန်

တပ်မတော် စစ်ကြောင်းများနှင့် SSA(၀မ်ဟိုင်း) အဖွဲ့များသည် ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းရှူးမြို့နယ် မိုင်းစံကျေးရွာ၏ အနောက်မြောက်ဘက်  ခြောက်မိုင်ကျော် အကွာ နန့်ပန်ချောင်း၏ အနောက်ဘက် နယ်မြေအတွင်း ထိတွေ့ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း အောက်တိုဘာ ၁၉ ရက် မြန်မာ့ရုပ်မြင်သံကြား သတင်း ထုတ်လွှင့်ချက်အရ သိရ သည်။

အောက်တိုဘာ ၆ ရက်မှ ၁၉ ရက်အထိ ထိတွေ့ တိုက်ခိုက်မှု (၃၇) ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ အောက်တိုဘာ ၁၈ ရက် ညပိုင်းတွင် SSA(၀မ်ဟိုင်း)အဖွဲ့များ အခိုင်အမာ အခြေပြုထားသော ပွိုင့်-၈၅၈၊ ပွိုင့်-၁၂၈၆ နှင့် ပွိုင့် - ၁၃၀၉ လွယ်ခူ တောင်ကုန်းများအား သိမ်းပိုက်ရရှိခဲ့ကြောင်း သတင်း ထုတ်လွှင့်ချက်တွင် ဖော်ပြခဲ့သည်။
ထိုသို့ ထိတွေ့တိုက်ခိုက်မှုများ ဖြစ်ပွားနေစဉ် အောက်တိုဘာ ၁၆ ရက်နှင့် ၁၈ ရက်များက လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့အနီး ၀ိန်းကောင်ကျေးရွာရှိ တပ်မတော် တပ်ရင်းဌာနချုပ်သို့လည်း SSA(၀မ်ဟိုင်း)အဖွဲ့များက လက်နက်ကြီး/လက်နက်ငယ်များဖြင့် နှစ်ကြိမ်တိုင်တိုင် နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သတင်း ထုတ်လွှင့်ချက်တွင် ဖော်ပြခဲ့သည်။
အဆိုပါဖြစ်စဉ်များတွင် SSA(၀မ်ဟိုင်း)အဖွဲ့မှ အလောင်း ခုနစ်လောင်း၊ လက်နက်မျိုးစုံ ရှစ်လက်နှင့် ခဲယမ်းများ သိမ်းဆည်း ရမိခဲ့ပြီး တပ်မတော်မှ အရာရှိ/စစ်သည် အချို့ သေဆုံးခဲ့ကြောင်း သိရသည်။
SSA(၀မ်ဟိုင်း) အဖွဲ့မှ အင်အားစုအချို့ သည် ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၂၈ ရက်က ပြုလုပ်ခဲ့သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီးတွင် ၀မ်ဟိုင်းဌာနချုပ်၌သာ အခြေပြုနေထိုင်ရန် သတ်မှတ်ထားခဲ့သော်လည်း ၀မ်ဟိုင်းဌာနချုပ်မှ တောင်ဘက် ၁၀ မိုင်ခန့်အကွာ နယ်မြေအတွင်း၌ အခိုင်အမာ စခန်းဆောက်၍ အခြေပြုနေကြောင်း စိစစ်တွေ့ရှိရသဖြင့် နယ်မြေ တည်ငြိမ် အေးချမ်းရေးနှင့် လုံခြုံရေးကို မထိခိုက်စေရေး၊ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး မူဘောင် ဆွေးနွေးမှုများ မထိခိုက်စေရေး သတ်မှတ်နယ်မြေသို့ ပြန်လည်ဆုတ်ခွာရန်၊ တပ်မတော်က အကြိမ်ကြိမ် သတိပေးခဲ့ကြောင်း၊ ထိုကဲ့သို့ သတိပေးသော်လည်း ၀မ်ဟိုင်းဌာနချုပ် မူလနယ်မြေသို့ ဆုတ်ခွာခြင်းမရှိခဲ့ဘဲ တပ်မတော် စစ်ကြောင်းများသို့ ပစ်ခတ်သဖြင့် တပ်မတော် စစ်ကြောင်းများက ရှင်းလင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သတင်း ထုတ်လွှင့်ချက်တွင် ဖော်ပြခဲ့သည်။
 
 
Credit To ><>> Eleven Media Group

0 comments:

Post a Comment