11.11.15

"Android Wear သုံးထားသော ကမ္ဘာ့ပထမဦးဆုံး ဇိမ်ခံနာရီကို TAG Heuer မိတ်ဆက်


ဆွစ်နာရီကုမ္ပဏီ Tag Heuer သည် Connected ဟုခေါ်သော ဒေါ်လာ ၁,၅၀၀ ဖြင့် ရောင်းချမည့် Android Wear စမတ်နာရီတစ်မျိုးကို နယူးယောက်တွင် မိတ်ဆက်ပေးခဲ့သည်။
အဆိုပါ စမတ်နာရီကို Tag Heuer က Google နှင့် Intel တို့ဖြင့် ပူးပေါင်းကာ ဖန်တီးခဲ့ခြင်းဖြစ်သည်။
၎င်းတွင် Intel ၏ 1.6GHz dual core processor ကို အသုံးပြုထားပြီး ၁.၅ လက်မ LTPS LCD display ကို အသုံးပြုထားသည်။ Display ကို စင်းရာခြစ်ရာဒဏ်ခံနိုင်သော sapphire crystal ဖြင့် ဖုံးအုပ်ထားပြီး 360 x 360 resolution ဖြင့် ဖော်ပြပေးနိုင်သည်။ Pixel သိပ်သည်းဆက 240ppi ဖြစ်သည်။ ၎င်းတွင် 1GB RAM, 4GB internal memory နှင့် 410mAh ဘက်ထရီတို့ ပါဝင်သည်။
Connected စမတ်နာရီကို gyroscope, tilt detection sensor, microphone တို့အပြင် haptic engine ဖြင့်လည်း အသုံးပြုနိုင်သည်။ ချိတ်ဆက်မှုအပိုင်းတွင် Bluetooth BLE 4.1 နှင့် Wi-Fi (2.4GHz 802.11 B/G/N) တို့ကို ထောက်ပံ့ပေးထားသည်။
အလေးချိန်က ၅၂ ဂရမ်ဖြစ်ပြီး အထူက ၁၂.၈ မီလီမီတာဖြစ်သည်။ Android 4.3 နှင့်အထက်၊ iOS 8.2 နှင့်အထက်ဖြင့် တွဲဖက် အသုံးပြုနိုင်သည်။ လေ တိုက်နှုန်းနှင့် ရာသီဥတု အခြေအနေကို စောင့်ကြည့်မှတ်သားနိုင်ပြီး IP67 ရေနှင့် ဖုန်ဒဏ်ခံနိုင်မှုကို ထောက်ပံ့ပေးထားသည်။
“TAG Heuer Connected မှာ ရှေးမူမပျက်တဲ့ TAG Heuer နာရီဒိုင်ခွက်နဲ့အတူ လှပတဲ့ ဒီဂျစ်တယ်နာရီ ဒိုင်ခွက်တွေ ပါဝင်ပါတယ်။ ရာသီဥတုအခြေအနေ၊ ခြေလှမ်းအရေအတွက်၊ ကယ်လိုရီပမာဏစတဲ့ ဝတ်ဆင်သူ မြင်တွေ့လိုတဲ့ အချက်အလက်တွေကို စိတ်ကြိုက်ပြင်ဆင် သတ်မှတ်ထားနိုင်ပါတယ်” ဟု Android Wear မှ အင်ဂျင်နီယာ ဒုဥက္ကဋ္ဌ ဒေးဗစ်ဆင်ဂယ်တန်က ပြောကြားသည်။
ထို့အပြင် နှစ်နှစ်ကြာပြီးသည့်နောက် ထပ်ဆောင်း ဒေါ်လာ ၁,၅၀၀ ပေးဆောင်ပြီး Connected စမတ်နာရီကို ဒေါ်လာ ၃,၀၀၀ ဝန်းကျင် တန်ဖိုးရှိသည့် Carrera နာရီနဲ့ လဲလှယ်နိုင်မည်ဟုလည်း ဖော်ပြခဲ့သည်။
Connected ကို အွန်လိုင်းမှ ဝယ်ယူသည့်အခါတွင် အနက်ရောင် လက်ပတ်ကြိုးဖြင့်သာ ရရှိနိုင်မည် ဖြစ်သော်လည်း စတိုးများမှ ဝယ်ယူရာတွင် အရောင်များကို ရွေးချယ်ဝယူနိုင်မည် ဖြစ်သည်။ ၎င်းစမတ်နာရီကို ဥရောပတွင် နိုဝင်ဘာလ ၁၂ ရက်၌ ရောင်းချမည် ဖြစ်သည်။

Credit To >>> Internet Journal

0 comments:

Post a Comment