11.11.15

ကမ္ဘောဒီးယား အတိုက်အခံပါတီက မြန်မာရွေးကောက်ပွဲကို အားကျနေ


ကမ္ဘောဒီးယားနိုင်ငံမှ အဓိက အတိုက်အခံပါတီ ခေါင်းဆောင်က အိမ်နီးချင်း မြန်မာနိုင်ငံ၏ သမိုင်းဝင် ရွေးကောက်ပွဲကို အားကျကာ ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲတွင် ငြိမ်းချမ်းစွာ အာဏာ လွှဲပြောင်းပေးရန်အတွက် နိုဝင်ဘာ ၁၀ ရက်တွင် တောင်းဆိုလိုက်ကြောင်း သိရသည်။

ကမ္ဘောဒီးယား အမျိုးသား ကယ်တင်ရေးပါတီ (CNRP) ၏ ဥက္ကဋ္ဌ ဆမ်ရိန်ဆီက ကမ္ဘောဒီးယားနိုင်ငံကို အဓိက အထောက်အပံ့ပေးနေသော ဂျပန်နှင့် အခြားနိုင်ငံတကာ အသိုင်းအ၀ိုင်းအား သဘောထား တင်းမာသူ ၀န်ကြီးချုပ် ဟွန်ဆန်ကို ရာထူးမှနေ၍ ငြိမ်းချမ်းစွာ ထွက်ခွာသွားစေရေးအတွက် ဖိအားပေးကြရန်လည်း တောင်းဆိုခဲ့သည်။
တိုကျိုမြို့၌ သတင်းထောက်များအား ပြောကြားရာတွင် ဆမ်ရိန်ဆီက “ကမ္ဘာတစ်ဝန်းလုံးမှာ ဖြစ်ပျက်ခဲ့တာတွေ၊ အထူးသဖြင့် မကြာသေးမီက မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တာတွေကို အတုယူပြီး ကျွန်တော်တို့အနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ရှုမြင်ရလိမ့်မယ်။ နောက်နှစ် အနည်းငယ်အတွင်း ဒါက သေချာပါတယ်”ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် လက်ရှိအာဏာရပါတီမှ ထိပ်တန်း ခေါင်းဆောင်တစ်ဦးက နိုဝင်ဘာ ၈ ရက် သမိုင်းဝင် ရွေးကောက်ပွဲတွင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အတိုက်အခံပါတီကို ရှုံးနိမ့်ခဲ့ကြောင်း ၀န်ခံခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ဆမ်ရိန်ဆီက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဆမ်ရိန်ဆီသည် သူ၏ပါတီ ဒုတိယဥက္ကဋ္ဌ ကမ်ဆိုခါနှင့်အတူ ဂျပန်နိုင်ငံသို့ ရောက်ရှိနေပြီး ဂျပန်နိုင်ငံခြားရေး ၀န်ကြီး ဖူမီယိုကီရှီဒါ၊ ဂျပန်ဥပဒေပြု အမတ်များနှင့် တွေ့ဆုံကာ ကမ္ဘောဒီးယားနိုင်ငံတွင် ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းစဉ်များ ပြုလုပ်ရန်အတွက် အကူအညီ တောင်းခံမည် ဖြစ်သည်။
မြန်မာနိုင်ငံသည် ဆယ်စုနှစ်ပေါင်းများစွာ တင်းကျပ်စွာ အုပ်ချုပ်သည့် စစ်အုပ်ချုပ်ရေးအောက်၌ ရှိခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် အမည်ခံ အရပ်သားအစိုးရကို အာဏာလွှဲပြောင်း ပေးခဲ့သော်လည်း စစ်တပ်၏ သြဇာလွှမ်းမိုးမှုကို ဆက်လက် ထိန်းသိမ်းထားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ အိမ်နီးချင်း နိုင်ငံများအနက် မထင်မှတ်ဘဲ ဒီမိုကရေစီလမ်းပြ နိုင်ငံတစ်နိုင်ငံအဖြစ် ပေါ်ထွက်လာခဲ့သည်။
အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ၂၀၁၄ ခုနှစ် မေလ၌ စစ်တပ်က အာဏာ သိမ်းယူခဲ့ပြီး နောက်ပိုင်း စစ်အစိုးရအောက်သို့ ရောက်ရှိသွားပြီး ၂၀၁၇ ခုနှစ် ဇူလိုင်လအထိ ရွေးကောက်ပွဲများ ကျင်းပဦးမည် မဟုတ်သေးပေ။ ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့တွင် အာဏာရှင် ကွန်မြူနစ်အစိုးရများ အုပ်ချုပ်လျက်ရှိပြီး လွန်ခဲ့သည့် နှစ်နှစ်က ပြုလုပ်ခဲ့သည့် ကမ္ဘောဒီးယား ရွေးကောက်ပွဲတွင် မဲမသမာမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့သည်ဟု  အတိုက်အခံတို့က ရှုမြင်ထားသည်။
ကမ္ဘောဒီးယားနိုင်ငံကို ဟွန်ဆန်က ဆယ်စုနှစ် သုံးခုကြာအောင် အုပ်ချုပ်ခဲ့ပြီး အတိုက်အခံများကို ဖိနှိပ်ကြောင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို လျစ်လျူပြုထားကြောင်း လူ့အခွင့်အရေး အဖွဲ့များက မကြာခဏ စွပ်စွဲခဲ့သည်။
ဟွန်ဆန်၏ အဓိကပြိုင်ဘက်အဖြစ် နှစ်ပေါင်းများစွာကြာအောင် ရပ်တည်ခဲ့သည့် ဆမ်ရိန်ဆီက ကမ္ဘောဒီးယား အာဏာပိုင်များအနေဖြင့် မြန်မာနိုင်ငံ၏ အပြောင်းအလဲကို သတိပြုမိလိမ့်မည် ဖြစ်ကြောင်းနှင့်  ၎င်းတို့အနေဖြင့် အနာဂတ်တွင် ဒီမိုကရေစီ ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့် ဒီမိုကရေစီ နည်းလမ်းကျသော ရွေးကောက်ပွဲများကို  ရှောင်ရှားလိုသည်မှာ ထင်ရှားလာကြောင်း ပြောကြားခဲ့သည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment