11.11.15

NLD ပါတီ အနိုင်ရပြီးနောက် တရုတ်နိုင်ငံနှင့် ကောင်းမွန်သော ဆက်ဆံရေး ဆက်လက် ထားရှိခြင်းသည် မြန်မာနိုင်ငံ၏ ရေရှည် အကျိုးစီးပွားအတွက် ပိုမိုကောင်းမွန်သည်ဟု တရုတ် Globlal Times သတင်းစာ သုံးသပ်

တရုတ်နိုင်ငံနှင့် ရင်းနှီးကောင်းမွန်သော ဆက်ဆံရေး ဆက်လက်ထားရှိပြီး ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် လုပ်ဆောင်ခြင်းသည် မြန်မာနိုင်ငံ၏ ရေရှည် အကျိုးစီးပွားအတွက် ပိုမိုကောင်းမွန်သည်ဟု တရုတ်အစိုးရ၏ အာဘော်ကို ဖော်ပြလေ့ ရှိသည့် Global Times သတင်းစာ၏ အယ်ဒီတာ့ အာဘော်တွင် သုံးသပ် ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို ဖယ်ခွာကာ အမေရိကန် ပြည်ထောင်စုနှင့် ဆက်ဆံရေး တိုးမြှင့်လာမည်ဟု မမြင်ကြောင်းနှင့် ထိုကဲ့သို့ မစဉ်းစား မဆင်ခြင်ဘဲ လုပ်ဆောင်ပါက တရုတ် နိုင်ငံ၏ ရင်းနှီးသော ဆက်ဆံရေးမှ ရရှိနိုင်သည့် မဟာဗျူဟာ ကျသည့် နေရာနှင့် သယံဇာတများ ဆုံးရှုံးမည်ဖြစ်ကြောင်း Global Times သတင်းစာက သတိပေးထားသည်။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံကြား ရှိထားသည့် အကြီးစား စီမံကိန်းများကို နှောင့်ယှက်ခြင်းသည်လည်း မြန်မာ့အကျိုးစီးပွားအတွက် ကောင်းမွန်ခြင်း မရှိကြောင်းနှင့် NLD ပါတီသည် လက်ရှိအစိုးရထက် ပြည်သူ့ထောက်ခံမှု ပိုမိုရရှိပြီး အဆိုပါ စီမံကိန်းများအပေါ် ကန့်ကွက်မှု မရှိသေးသည့်အတွက် ထိုစီမံကိန်းများ ပြန်လည်စတင်ရန် နှစ်နိုင်ငံစလုံးမှ ပြင်ဆင်နိုင်ကြောင်း အယ်ဒီတာ့ အာဘော်တွင် ထောက်ပြထားသည်။
နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အတိုက်အခံ NLD ပါတီမှ လွှတ်တော်နေရာ အများစု အနိုင်ရနိုင်ပြီး ထိုကဲ့သို့ အစိုးရပြောင်းလဲခြင်းသည် စီးပွားရေး ခိုင်မာမှုမရှိဘဲ တပ်မတော်၏ လွှမ်းမိုးမှု ကြီးမားသည့် မြန်မာနိုင်ငံတွင် အခက်အခဲများနှင့် စွန့်စားမှုများစွာ ဖြစ်ပေါ်စေနိုင်ကြောင်း၊ အာဏာရ ပြည်ခိုင်ဖြိုးပါတီနှင့် တပ်မတော်မှ ရွေးကောက်ပွဲ ရလဒ်ကို တည်ငြိမ်စွာ တုံ့ပြန်သော်လည်း နိုင်ငံအုပ်ချုပ်ရေး ယန္တရား၏ ပူးပေါင်းဆောင်ရွက်မှု ရရှိရန် ကြိုးပမ်းရာတွင် ပိုမို ရှုပ်ထွေးနိုင်ကြောင်း Global Times သတင်းစာက သုံးသပ်ထားသည်။
မြန်မာနိုင်ငံအနေဖြင့် ယခင်က တရုတ်နိုင်ငံကို အရေးပါသည့် မိတ်ဖက်အဖြစ် ဆက်ဆံခဲ့ရာမှ သာမန်အဆင့်သို့ ကူးပြောင်းသွားချိန်တွင် တရုတ်နိုင်ငံမှ ဆက်လက်၍ သဘောကြီးစွာ ကြင်နာစွာ ဆက်ဆံခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး ဆက်ဆံမှု ရွေးချယ်ချက်များအပေါ် နှောင့်ယှက်မှု မရှိကြောင်း ထောက်ပြထားပြီး မြန်မာနိုင်ငံအနေဖြင့် အမေရိကန် တစ်ခုတည်းနှင့် ဘာကြောင့် ဆက်ဆံရမှာလဲဟု မေးခွန်းထုတ်ထားသည်။
အိမ်နီးချင်းနိုင်ငံများ အနေဖြင့် တရုတ်နိုင်ငံနှင့် ရင်းနှီးစွာ ပူးပေါင်း ဆက်ဆံရေး ထားရှိခြင်းသည် ကျိုးကြောင်းဆီလျော်သော ရွေးချယ်မှုဖြစ်ကြောင်း Global Times သုံးသပ်ထားသည်။
 
 
Credit To >>> Eleven Media Group

0 comments:

Post a Comment