17.11.15

ပြည်ခိုင်ဖြိုးပါတီ ကျဆုံးရခြင်း အကြောင်းရင်းသုံးရပ် သူရဦးအောင်ကို ပြောကြား


“ပထမအချက်က သြဂုတ် ၁၂ ရက်နေ့တုန်းက ပြည်ခိုင်ဖြိုးပါတီဌာနချုပ်ကို ရဲတပ်ဖွဲ့လက်နက်ကိုင်အင်အားတွေနဲ့ ၀င်ရောက်သိမ်းပိုက်ပြီးတော့မှ ဥက္ကဋ္ဌနေရာဖယ်ရှားမှုလုပ်တဲ့လုပ်ရပ်ဟာ ပြည်ခိုင်ဖြိုးပါတီရှုံးရတဲ့ အဓိကအချက် . . .”



  ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်၍ သူရဦးအောင်ကို (ချင်းပြည်နယ်၊ ကန်ပက်လက်မဲဆန္ဒနယ်) ကို လွှတ်တော်ထဲ တွေ့ဆုံမေးမြန်းခွင့်ရခဲ့ရာ ရွေးကောက်ပွဲနှင့်ပတ်သက်၍ သူရဦးအောင်ကိုက အောက်ပါအတိုင်း ရှင်းလင်းပြောကြားခဲ့သည်။
''ပြီးတဲ့ရွေးကောက်ပွဲရလဒ်ကတော့ တနိုင်ငံလုံး တကမ္ဘာလုံး သိပြီးသားပါ။ ဒီရလဒ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အောင်ပွဲဖြစ်သလို မြန်မာပြည်သူတွေရဲ့အောင်ပွဲလို့လည်း ပြောလို့ရပါတယ်။ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ဒီလောက်ကြီးတော့ အပြတ်အသတ်ရှုံးနိမ့်လိမ့်မယ်လို့ မထင်ခဲ့ပါဘူး။ သို့သော်လည်း ဒါတွေဟာ ပြည်သူတွေရဲ့အဆုံးအဖြတ် ဖြစ်ပါတယ်။ ပြည်သူတွေရဲ့အဆုံးအဖြတ်ကို လက်ခံရမှာပေါ့။ အခုလို ပြည်ခိုင်ဖြိုးပါတီ တဖက်သတ်ရှုံးသွားရတဲ့ အကြောင်းအရာတွေ များစွာရှိပါတယ်။
ပထမအချက်က သြဂုတ် ၁၂ ရက်နေ့တုန်းက ပြည်ခိုင်ဖြိုးပါတီဌာနချုပ်ကို ရဲတပ်ဖွဲ့လက်နက်ကိုင်အင်အားတွေနဲ့ ၀င်ရောက်သိမ်းပိုက်ပြီးတော့မှ ဥက္ကဋ္ဌနေရာဖယ်ရှားမှုလုပ်တဲ့လုပ်ရပ်ဟာ ပြည်ခိုင်ဖြိုးပါတီရှုံးရတဲ့ အဓိကအချက် ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် အောက်တိုဘာလကတည်းက ပါတီညီလာခံအဆင့်ဆင့် ကျင်းပပြီးတော့မှ အောက်ခြေမြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးပြည်နယ် ပါတီကော်မတီ၊ ဗဟိုကော်မတီတွေကို ဒီမိုကရေစီနည်းကျနဲ့ ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။ ဗဟိုအလုပ်အမှုဆောင် ကောင်မတီ CEC တခုတည်းကိုသာ ဗဟိုချုပ်ကိုင်မှုနဲ့ဆက်ပြီး တာဝန်ပေးခဲ့တာပါ။
ဒါကြောင့် ပြည်ခိုင်ဖြိုးပါတီဟာ ပထမအကြိမ် ပါတီညီလာခံပြီးကတည်းက ပြည်သူ့ပါတီဖြစ်ခဲ့ပါတယ်။ အမြုတေပါတီမှ ပထမအကြိမ် ပါတီညီလာခံအပြီးမှာ ပြည်သူ့ပါတီစစ်စစ် ဖြစ်သွားခဲ့ပါတယ်။ ပြည်သူ့ ပါတီဖြစ်တဲ့အခါမှာပါတီတွင်း ဗဟိုကော်မတီ ဖြစ်ဖြစ်၊ CEC ဖြစ်ဖြစ်၊ ဥက္ကဋ္ဌနေရာဖြစ်ဖြစ် ပြင်ဆင်ပြောင်းလဲချင်ရင် ပါတီအခြေခံစည်းမျဉ်းနဲ့ ညီအောင် လုပ်ရပါမယ်။ ဒီမိုကရေစီကျင့်ထုံးတွေနဲ့ကိုက်ညီအောင် လုပ်ရပါမယ်။ ဒါကြောင့် ဘာပဲလုပ်ချင်ချင် ပါတီဗဟိုကော်မတီအစည်းအဝေး ခေါ်ရပါမယ်။ ပြီးရင် ပါတီညီလာခံ ခေါ်ရပါမယ်။ ခေါ်ပြီးမှ ဥက္ကဋ္ဌနဲ့ CEC အပြောင်းအလဲ လုပ်ရပါမယ်။ ဒါမှ ဒီမိုကရေစီကျင့်စဉ်နဲ့ ကိုက်ညီပါမယ်။ ခုတော့ အဲဒီလိုမလုပ်ခဲ့ပါ။ အဲဒီဟာသည် ပထမနဲ့ အဓိကပါတီ ရှုံးနိမ့်ရတဲ့ အကြောင်းတရား ဖြစ်ပါတယ်။
ဒုတိယအချက်ကတော့ ပြည်သူ့ပါတီဖြစ်တဲ့အတွက် ပြည်သူ့အကျိုးလုပ်ရပါမယ်။ ခုတော့ အဲဒါတွေမလုပ်ခဲ့ပါဘူး။ ပထမသက်တမ်း လွှတ်တော်အတွင်းမှာ ပြည်သူအကျိုးစီးပွားထက် လူပုဂ္ဂိုလ်တဦးတယောက် အဖွဲ့အစည်းတခုရဲ့အကျိုးစီးပွားကို ကာကွယ်တဲ့အနေအထားမျိုး ပိုပြီး လုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။ ဒါတွေကို တနိုင်ငံလုံးက သိနေပါတယ်။ သူတို့တွေသာ မသိကြတာပါ။ ဒါဟာ ပြည်ခိုင်ဖြိုး ရှုံးနိမ့်ရခြင်းရဲ့ ဒုတိယအချက်ဖြစ်ပါတယ်။
တတိယအချက်ကတော့ NLD ခေါင်းဆောင်က တဦးတည်းပါ။ ဒေါ်အောင်ဆန်းစုကြည် တဦးထဲပါ။ ပြည်ခိုင်ဖြိုးမှာ ခေါင်းဆောင်နှစ်ယောက် ဖြစ်နေပါတယ်။ သမ္မတကြီး ဦးသိန်းစိန်ရော၊ သူရ ဦးရွှေမန်းရော၊ ထိပ်သီးခေါင်းဆောင်ပေါ့။ သူတို့နောက်မှာမှ ပထမတန်းခေါင်းဆောင်တချို့ ရှိပါတယ်။ ခေါင်းဆောင်နှစ်ယောက် နေရာခွဲဝေမှု၊ ညီညွတ်မှုမရှိတာ တွေ့ရပါတယ်။ ခေါင်းဆောင်နှစ်ယောက် ညီညွတ်မှုမရှိရတဲ့ကြားထဲမှာ ပထမတန်းခေါင်းဆောင်အချို့ထဲမှာလည်း သမ္မတလုပ်ချင်သူ၊ သမ္မတရောဂါ ထ နေသူတွေ ရှိနေပါတယ်။ ဒါကြောင့် ထိပ်သီးခေါင်းဆောင်နှစ်ယောက် စိတ်ဝမ်းကွဲပြားအောင် သွေးထိုးသွေးခွဲကြတယ်လို့ ပါတီဝင် အောက်ခြေက သုံးသပ်ကြပါတယ်။ အကယ်၍ ထိပ်သီးခေါင်းဆောင်နှစ်ယောက် အပြန်အလှန်တိုက်ခိုက်ကြပြီး မှောက်ရက်လဲသွားရင် ပထမတန်းထဲမှာရှိတဲ့ ပုဂ္ဂိုလ်တချို့က ဖျာလိပ်ပိုက်ပြီး စောင့်နေကြသူတွေရှိပါတယ်။ သဘောပြောရရင် ပွဲလန့်တုန်း ဖျာခင်းကြမယ်ပေါ့။ သူတို့က သမ္မတနေရာကို မျှော်နေကြသူတွေပေါ့ဗျာ''ဟု သူရဦးအောင်ကိုက ပါတီရှုံးခဲ့ရတဲ့ အကြောင်းကို News Watch သို့ ပြောကြားခဲ့သည်။
သူရဦးအောင်ကိုက ဆက်လက်ပြောကြားရာတွင် ''ပြည်ခိုင်ဖြိုးပါတီကို ပြည်သူ့ပါတီစစ်စစ်ဖြစ်အောင် ပြန်လည်ဖွဲ့စည်းရပါမယ်။ ပုံရိပ်မကောင်းတဲ့ ကိုယ်ကျိုးစီးပွားကြည့်ချင်သူတချို့ ထိပ်ပိုင်းမှာရှိနေပါတယ်။ အဲဒါကို ဖယ်ရှားရပါမယ်။ လူငယ်၊ လူလတ်၊ ပညာတတ်တွေနဲ့ ပြန်လည်ဖွဲ့စည်း ရပါမယ်။ ပြီးရင် အမှီအခိုကင်းကင်းနဲ့ ရပ်တည်နိုင်အောင် တည်ဆောက်ရပါမယ်။ ဒါမှ နောက် ၅ နှစ် ပြည်သူကြား ပြန်ရောက်ပါမယ်။ မပြင်ရင် ပုံရိပ်မလှ ရှုံးနိမ့်နေဦးမှာ ဖြစ်ပါတယ်''ဟု ဆိုသည်။
ရွေးကောက်ပွဲကန့်ကွက်လွှာကိစ္စ မေးမြန်းရာတွင် အယူခံတက်မည် မဟုတ်ကြောင်း၊ ၎င်းအနေနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ်က ၂၀၁၅ ခုနှစ် သြဂုတ် ၁၂ ရက်မှာ ဖယ်ရှားခြင်းခံခဲ့ရကြောင်း၊ မိမိ ကိုယ်ကို ပါတီဝင်ရောဟုတ်သေးရဲ့လားလို့ သဲသဲကွဲကွဲ မသိရသေးပါကြောင်း၊ ဒါကြောင့် ပြည်ခိုင်ဖြိုးရဲ့တာဝန်တွေ မရှိတော့ဘူးလို့ သတ်မှတ်ထားပါကြောင်း၊ သို့သော်လည်း နိုင်ငံတော်နဲ့ နိုင်ငံသားအကျိုးအတွက် ဖော်ဆောင်မယ့် မည်သည့်အဖွဲ့အစည်းပုဂ္ဂိုလ်မဆို ကမ်းလှမ်းလာပါက နိုင်ငံအကျိုးအတွက် ဆောင်ရွက်ဖို့အစီအစဉ်ရှိပါကြောင်း သူရဦးအောင်ကိုက News Watch သို့ ပြောကြားခဲ့သည်။

Credit To >>> SFJ News 

0 comments:

Post a Comment