17.11.15

မြိတ်ကျွန်းစုအတွင်းရှိ Harris Island မှာ ယခုနှစ်အတွင်း ထင်ရှားလာပြီး ခရီးသွားများစွာ သွားရောက် လည်ပတ်လျက်ရှိ


မြိတ်ကျွန်းစု အတွင်းရှိ Harris Island မှာ ယခုနှစ်အတွင်း  ထင်ရှားလာပြီး ဒေသခံများအပြင် နေရာအသီးသီးမှ  ခရီးသွားများလည်း လာရောက် လည်ပတ်လျက်ရှိကြောင်း သိရသည်။
မြိတ်မြို့မှ ရေမိုင် ၃၆ မိုင် ကွာဝေးသည့် အဆိုပါကျွန်းမှာ ယခုနှစ်အတွင်း မြိတ်တက္ကသိုလ် ကျောင်းသားများအား ခရီးစဉ်စတင် ပို့ဆောင်ပေးရာမှ စတင်ထင်ရှားလာခြင်းဖြစ်ပြီး ယခုအခါ အားလပ်ရက်များတွင် ဒေသခံများ၏ အဓိကသွားရောက် အပန်းဖြေရာ ကျွန်း တစ်ကျွန်း ဖြစ်လာကြောင်း သိရသည်။

“ရေနံကုမ္ပဏီက လူတွေနဲ့ လိုက်ရင်း ရန်ကုန်က သူဋ္ဌေးတစ်ယောက်က ခရီးသွားလုပ်ငန်း လုပ်သင့်တယ်လို့  အကြံပေးတာကနေ စလုပ်ဖြစ်ပါတယ်။ သီတင်းကျွတ်ကနေ အခုဆိုရင် ခြောက်ခေါက်မြောက် ခရီးစဉ် ဖြစ်ပါတယ်။ အရင်က တက္ကသိုလ် ကျောင်းသားတွေကို စပြီးပို့တယ်။ အခု ဟိုတယ်နဲ့ခရီးမှာ လိုင်စင်လျှောက်ထားပါတယ်။ ဂိုးဒင်းနက်ရှိုင်းဆိုတဲ့ ကုမ္ပဏီနဲ့ချိတ်ပြီး မြိတ်ရုံးခွဲအနေနဲ့ လိုင်စင်တင်ထားပါတယ်။ မြိတ်မှာက လည်ပတ်စရာနေရာ ရှားပါးလို့ ဒေသခံတွေအတွက် အားလပ်ရက်တွေမှာ  တစ်နေ့တာ လည်ပတ်စရာ တစ်ခု ဖြစ်လာပါတယ်” ဟု အဆိုပါခရီးစဉ်အား စီစဉ်ပေးနေသည့် Organizer အဖွဲ့ခေါင်းဆောင် ကိုမင်းမင်းက ပြောကြားသည်။
ခရီးစဉ်အား အမြန်ရေယာဉ် စင်းလုံးငှားကာ စီစဉ်ပေးခြင်းဖြစ်ပြီး လက်ရှိ လူတစ်ဦးလျှင် ကျပ် ၁၃၀၀၀ ဖြင့်  နေ့ချင်းပြန်ခရီးစဉ်အား ပြေးဆွဲပေးနေကြောင်း သိရသည်။
“ပေးရတဲ့နှုန်းနဲ့ ၀န်ဆောင်မှုပေးတာကို ယှဉ်ကြည့်ရင်တော့ တန်တယ်လို့ ပြောလို့ရပေမယ့် ရေရှည်မှာ ကျွန်တော်တို့ လိုချင်တာက Service ကောင်းကောင်းပေးပြီး နှုန်းထား နည်းနည်းပိုယူလိုက်ရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။ တခြားခရီးသွား ကုမ္ပဏီတွေကတော့ ၀န်ဆောင်မှု ကောင်းကောင်းနဲ့ လုပ်ကြလိမ့်မယ်။ ကျွန်းကို   လာရောက် အပန်းဖြေတဲ့သူတွေက များပြားတာကြောင့် လှေထဲမှာ ကျပ်သိပ်ပြီး သွားရတယ်။ လူများတော့ အမြန်ရေယာဉ် ခေါင်းမိုးပေါ်မှာ တက်စီးရတယ်။ Safe မဖြစ်ဘူး။ လှေပေါ်မှာ ဖြစ်သလိုစားပြီး ကျွန်းပေါ်မှာလည်း ဖြစ်သလိုနေ၊ ဖြစ်သလိုစားတဲ့ ပုံစံပေါ့။ ဒါကလည်း ကိုယ်ပေးထားတဲ့နှုန်းအရပါ။ ကျွန်းကိုရောက်ဖူးတယ်။ အပန်းပြေသွားတယ်။ ဒါပေမဲ့ ခရီးသွားနေတဲ့ အချိန်မှာတော့ အဆင်မပြေဘူး” ဟု ကျွန်းသို့လာရောက် အပန်းဖြေသူတစ်ဦးက ပြောကြားသည်။
လေးကျွန်း သို့မဟုတ် မားကပ်ကျွန်း (Marcus) ဟု လူသိများသော်လည်း သွားရောက် လည်ပတ်သည့်ကျွန်းမှာ  သဲသောင်ပြင်ရှိရာ Harris Island (ဟားရစ်ကျွန်း) ဖြစ်ကြောင်း သိရသည်။ အနီးနား၌ရှိသည့် ကျွန်းလေးကျွန်းစလုံး ပေါင်းပြီး Marcus Group လို့ သတ်မှတ်ထားခြင်းဖြစ်ပြီး ယခုထင်ရှားပြီး လူအများ သွားလာလည်ပတ် နေကြသည်မှာ Harris Land (ဟားရစ်ကျွန်း) ဖြစ်ကြောင်း မြေပုံပညာရှင် တစ်ဦးက  ဆိုသည်။ ဟားရစ်ကျွန်းမှာ ၂၈၄ ဧကရှိပြီး ကမ်းခြေအလျားမှာ ပေ  ၁၁၀၀ ရှိကာ သဲသောင်ပြင်ဖြူဖွေးမှုနှင့် ရေကြည်လင်မှု တို့ကြောင့် လာရောက်လည်ပတ်သူ များပြားနေကြောင်း သိရသည်။
ခရီးစဉ် ပို့ဆောင်သူများ အနေဖြင့် ၀န်ဆောင်မှုများအပြင် ကမ်းခြေမပျက်စီးစေရန် ခရီးစဉ်ပြီးဆုံးချိန်တွင်   အမှိုက်ကောက်ခြင်းများ ဆောင်ရွက်ပေးကြောင်း သိရသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment