17.11.15

Eleven Media Group က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကို တရားစွဲသော အမှုတွင် ၎င်းက အမှုစစ် တရားသူကြီးထံ အထက်လူကြီးများမှ ပေးလိုက်သော လျှို့ဝှက်စာအား သီးခြားပေးရန် ရှိသည်ဟု တင်ပြမှုကို တရားလိုရှေ့နေ ကန့်ကွက်သဖြင့် တရားသူကြီးက လက်မခံ


Eleven Media Group က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကို တရားစွဲဆိုသော အမှုတွင် ၎င်းက တရားသူကြီးထံ အထက်လူကြီးများမှ ပေးလိုက်သော လျှို့ဝှက်စာအား သီးခြားပေးရန် ရှိသည်ဟု တင်ပြမှုကို တရားလိုရှေ့နေ ဦးကြီးမြင့်မှ ကန့်ကွက်သဖြင့် တရားသူကြီးက လက်မခံကြောင်း သိရသည်။


နိုဝင်ဘာ ၁၆ ရက်က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် တတိယအကြိမ် ရုံးချိန်းအဖြစ် စစ်ဆေးရာ တရားစွဲဆိုခံရသူ ဦးလှဆွေ လာရောက်ခဲ့ကြောင်းနှင့် အထက်လူကြီးများ၏ လျှို့ဝှက်စာပေးရန် တရားသူကြီးအား တင်ပြခဲ့ကြောင်း Eleven Media Group ဘက်မှ အကျိုးဆောင်အဖြစ် လိုက်ပါဆောင်ရွက်နေသော တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ပြောကြားသည်။

“သူ (ဦးလှဆွေ) က တရားရုံးမှာ ဘာပြောသလဲဆိုရင် ‘တရားသူကြီးကို ကျွန်တော့် အထက်လူကြီးတွေ ပေးလိုက်တဲ့ လျှို့ဝှက်စာတစ်စောင် သီးခြားပေးဖို့ ရှိပါတယ်တဲ့။ ပြီးရင် သူပေးပါမယ်တဲ့’ အဲဒီတော့ ဆရာ ကန့်ကွက်လိုက်ပါတယ်။ ဒီလိုပေးလို့ မရပါဘူး။ တရားရုံး ရှေ့မှာပဲ ပေးလို့ရမယ်။ တရားရုံးရှေ့ကို တင်ပြတဲ့စာတိုင်း တစ်ဖက်ကို အသိပေးရမယ်။ အဲဒီလိုပေးလို့ မရဘူး။ တရားသူကြီးကတော့ လက်မခံပါဘူးလို့ ပြောတယ်။ တရားသူကြီးကလည်း လက်ခံပိုင်ခွင့် မရှိဘူး။ လက်ခံရင် တရားသူကြီးမှာလည်း အပြစ်ရှိပါတယ်။ တရားရုံးချိန်းပြီးမှ တခြား တရားသူကြီးကို ပေးတာတော့၊ ရုံးမှာ စာတင်ခဲ့တာ ဆိုရင်တော့ သူ့သဘောပေါ့။ ကန့်ကွက်လို့ မရဘူး” ဟု တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောကြားသည်။

ဆက်လက်၍ ရှေ့နေဦးကြီးမြင့်က “သူဟာ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်လည်း ဖြစ်တယ်။ သူဖြတ်သန်းခဲ့တဲ့ သူတာဝန် ထမ်းဆောင်ခဲ့တဲ့ အနေအထားတွေအရ အဲ့ဒီလောက် အဲဒီလို ပြောရဲတယ် ဆိုတာ တော်တော်လေး အံ့အားသင့်တယ်။ ဒါဟာ ဥပဒေနဲ့ မညီဘူး” ဟု ပြောကြားသည်။

တရားရုံးချိန်းပြီးနောက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေအား မီဒီယာများက ၀ိုင်းဝန်းမေးမြန်းရာတွင် Eleven Media Group မှလွဲ၍ ကျန်သည့် မီဒီယာများအား ဖြေကြားပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခု တတိယအကြိမ် ရုံးချိန်းတွင် ဦးလှဆွေက ရုံးတော်သို့ ချေလွှာတင်ခဲ့ပြီး ရှေ့နေငှားမည် မဟုတ်ဘဲ မိမိကိုယ်တိုင် ရင်ဆိုင်မည်ဖြစ်ဟု အမှုစစ် တရားသူကြီးထံ တင်ပြခဲ့ပြီး စတုတ္ထအကြိမ် ရုံးချိန်းကို ဒီဇင်ဘာ ၇ ရက်၊ မွန်းလွဲ ၁ နာရီသို့ ပြန်လည်ချိန်းဆိုခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ဆက်လက်ပြောကြားသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေသည် ၎င်း၏ Facebook စာမျက်နှာမှ တစ်ဆင့် ရေးသားဖော်ပြခြင်းနှင့် Myanmar Cable Network TV သို့ ဖြေကြားချက်များတွင် EMG ၏ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာ စေသဖြင့် ၎င်းထံမှ နစ်နာကြေး ငွေကျပ် သိန်း ၆၀၀၀ ရလိုမှုဖြင့် တိုင်းတရားလွှတ်တော်သို့ EMG ၏ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာသိန်းမြင့်က တရားလိုအဖြစ် လျှောက်ထားခဲ့ရာ စက်တင်ဘာ ၁၄ ရက်တွင် တိုင်းတရားလွှတ်တော်က အမှုကို လက်ခံခဲ့ကြောင်း သိရသည်။

အဆိုပါ အမှုကို တိုင်းတရားလွှတ်တော်မှ တရားမကြီး အမှုအမှတ် ၁၀၈/၂၀၁၅ ဖြင့် တရားသူကြီး ဒေါ်စိုးစိုးအောင်က စစ်ဆေးနေကြောင်း သိရသည်။

Eleven Media Group မှ ထုတ်ဝေလျက်ရှိသော သတင်းစာနှင့် ဂျာနယ်များတွင် ရေးသားဖော်ပြလျက်ရှိသော အကြောင်းအရာများမှာ အများပြည်သူ အကျိုးအတွက် အမှန်ကို အမှန်အတိုင်း ရေးသားဖော်ပြခြင်း ဖြစ်သဖြင့် အများပြည်သူကြားတွင် ကောင်းမွန်သော ဂုဏ်သတင်းဖြင့် ရပ်တည်နေသော ကုမ္ပဏီ တစ်ခုဖြစ်ကြောင်း၊ တရားပြိုင်၏ ရေးသားချက်မှာ မြန်မာနိုင်ငံ တစ်နိုင်ငံလုံး သာမက ပတ်ဝန်းကျင် ကမ္ဘာနှင့် အ၀န်းသို့ ပျံ့နှံ့ရောက်ရှိခဲ့သဖြင့် တရားပြိုင်၏ မမှန်မကန် ဖော်ပြချက်များကို မူတည်ပြီး ဖြစ်ရပ်အမှန်ကို မသိသူ အချို့နှင့် မလိုသူများက တရားလို ကုမ္ပဏီအပေါ် သိက္ခာကျ အရှက်ရစေသော စာများ Facebook စာမျက်နှာတွင် ရေးသားဖော်ပြခြင်းများ ထပ်မံခံခဲ့ရသဖြင့် တရားလို နစ်နာမှုများ ပိုမိုခံစားခဲ့ရကြောင်း တိုင်းတရားလွှတ်တော်သို့ လျှောက်ထားလွှာတွင် ထည့်သွင်းဖော်ပြထားသည်။

Eleven Media Group အနေဖြင့် ယခုကဲ့သို့ တရားမစွဲဆိုခင် တရားပြိုင်ထံ ရှေ့နေမှတစ်ဆင့် သြဂုတ် ၁၁ ရက်ထုတ် The Daily Eleven သတင်းစာတွင် “တရားပြိုင်၏ ကိုယ်ပိုင်အကောင့်မှ အင်တာနက် စာမျက်နှာပေါ်တွင် မမှန်မကန် ဖော်ပြရေးသားခဲ့ခြင်း၊ ထို့ပြင် ကောင်းသော သတင်းမီဒီယာတစ်ခု အနေဖြင့် ရပ်တည်နေသော တရားလို Eleven Media Group ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသဖြင့် ခုနစ်ရက်အတွင်း တရားလို ကုမ္ပဏီသို့ လာရောက်ရှင်းလင်းရန် တောင်းဆိုကြောင်း၊ တောင်းဆိုချက်အား လိုက်နာခြင်း မရှိပါက ပြစ်မှုကြောင်း တရားမကြောင်းနှင့် အညီ တရားပြိုင်အား အရေးယူ ဆောင်ရွက်ရလိမ့်မည် ဖြစ်ကြောင်း” တရားပြိုင်နှင့် အများသိစေရန် ကြော်ငြာချက် အနေဖြင့် ထည့်သွင်း ဖော်ပြခဲ့သည်။

Credit To >>>> Eleven Media Group

0 comments:

Post a Comment