3.11.15

ဧရာဝတီဘဏ်က ၀န်ထမ်းများ မဲစာရင်းပါနေရပ်သို့ သွားရောက်မဲပေးနိုင်ရန် လမ်းစရိတ်၊ စားစရိတ် စီစဉ်ပေး


ဧရာဝတီဘဏ်လီမိတတ်ရုံးချုပ်နှင့် ဘဏ်ခွဲအသီးသီးမှဝန်ထမ်းများအား ၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့တွင် ပြုလုပ်မည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် လွတ်လပ်စွာမဲပေးနိုင်ရန် မဲစာရင်းပါရှိရာ သက်ဆိုင်ရာဒေသအသီးသီးသို့ ပြန်လည်စေလွှတ်ခြင်းသည် ဧရာဝတီဘဏ်ရှိ တာဝန်ရှိသူများ အစည်းအဝေးပြုလုပ်ကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အုပ်ချုပ်မှုဒါရိုက်တာ ဦးဖြိုးအောင်က နိုဝင်ဘာ ၃ ရက်နေ့တွင် News Watch သို့ ပြောကြားသည်။

“ဒီလိုလုပ်ပေးတယ်ဆိုတာ ရိုးရိုးလေးပဲလုပ်ပေးလိုက်တာပါ။ ကိုယ့်ဒေသလည်းပြန်လို့ရအောင်၊ မိမိကြိုက်နှစ်သက်တဲ့ပါတီကိုလည်း လွတ်လွတ်လပ်လပ် ရွေးချယ်ပြီး မဲပေးခွင့်ရအောင် စီစဉ်ပေးတာပါ။ အခုလိုလုပ်ပေးဖို့လည်း တာဝန်ရှိတဲ့သူတွေအားလုံး အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်ပေးတာပါ”ဟု ၎င်းကပြောသည်။
ဧရာဝတီဘဏ်တွင် ခန့်အပ်ထားသည့်ဝန်ထမ်းများမှာ သက်ဆိုင်ရာဒေသအသီးသီးနှင့် နီးစပ်သူများကို အများအားဖြင့်ခန့်အပ်ထားသော်လည်း အချို့ဘဏ်ခွဲများတွင် ကျွမ်းကျင်သော ဘဏ်လုပ်သားများ မရှိသဖြင့် ရပ်ဝေးဘဏ်ခွဲများသို့ သွားရောက်တာဝန်ထမ်းဆောင်ရသော ၀န်ထမ်းများရှိးကြောင်း ဦးဖြိုးအောင်က ဆက်လက်ပြောကြားသည်။
“မိမိတို့ဒေသပြန်မဲ့ဝန်ထမ်းတွေအတွက် ကျွန်တော်တို့ဘဏ်ကနေ လမ်းစရိတ်၊ စားစရိတ်တွေ စီစဉ်ပေးပါတယ်။ မဲပေးဖို့ နေရပ်ပြန်တဲ့ရက်အကုန်လုံးကိုလည်း ရုံးတတ်ရက်အဖြစ် သတ်မှတ်ပေးထားပါတယ်။ ပြန်လာမယ့်ရက်ကလည်း အခက်အခဲအမျိုးမျိုး ရှိနိုင်တဲ့အတွက် ရက်အတိအကျ မသတ်မှတ်ပေးထားဘူး”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ဧရာဝတီဘဏ်ကို လွန်ခဲ့သော ၅ နှစ်ခန့်မှ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ၀န်ထမ်း ၅၀၀၀ ကျော်ရှိကြောင်း သိရသည်။

0 comments:

Post a Comment