19.11.15

စက်ဘီးစီးပြီး ရုံးတက်သူတွေကို မြို့အုပ်ချုပ်ရေးအဖွဲ့ ဆုချမည်


အလုပ် အသွားအပြန်ကို ကားမသုံးဘဲ စက်ဘီးစီးသူများကို တစ်နှစ်လျှင် ယူရိုရာချီ ဆုချမည့် အစီအစဉ်ကို အီတလီနိုင်ငံ မာဆာရိုဆာမြို့ အုပ်ချုပ်ရေးအဖွဲ့က စတင်လိုက်ပြီ။
စက်ဘီး တစ်ကီလိုမီတာ နင်းတိုင်း (၂၅) ဆင့် ဆုကြေးထုတ်ပေးမည် ဖြစ်သည်။ လူတစ်ဦးကို တစ်လလျှင် ယူရို (၅၀) ဖိုးထိ ဆုကြေးထုတ်ပေးရန် စီစဉ်ထားသည်။ အလုပ်သွား အလုပ်ပြန် စက်ဘီးနဲ့ သွားသူများအနေဖြင့် တစ်နှစ်ဆိုလျှင် ယူရို (၆၀၀) လောက်ထိ ဆုကြေးရနိုင်သည်။ အီတလီတွင် ပထမဆုံး ထူးထူးခြားခြား အစီအစဉ် ဖြစ်သည်။

နေ့စဉ် စက်ဘီးစီးသည့် ခရီးအကွာအဝေးကို စမတ်ဖုန်း အပလီကေးရှင်းဖြင့် ထောက်လှမ်း ကောက်ယူမည် ဖြစ်သည်။ (၁၂) လတာ စမ်းသပ် ကာလတွင် လူ(၅၀)ခန့် ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ ယခု အစီအစဉ်အတွက် ဆုကြေးငွေကို မြို့တွင်း ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာသူများ ပေးဆောင်ထားသည့် ဒဏ်ကြေးများထဲက ထုတ်သုံးမည်ဟု သိရသည်။

အလုပ်သွား အလုပ်ပြန် စက်ဘီးနဲ့ သွားခြင်းကြောင့် မြို့ထဲမှာ ယာဉ်ကြောလည်း ရှင်းသွားမည် ဖြစ်သလို၊ မြို့သူမြို့သား များလည်း ကျန်းမာရေးနဲ့ ပိုညီညွတ်မည်ဟု မြို့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။ မာဆာရိုဆာမြို့၏ နမူနာကောင်းကို အခြားမြို့များလည်း လိုက်လုပ်လာကြလိမ့်မည်ဟု မျှော်လင့်ကြောင်း အီတလီ စက်ဘီးချစ်သူများ အသင်း (FIAB) က ပြောသည်။

Credit  To >>> searchMYANMAR News 

0 comments:

Post a Comment