9.11.15

တောင်ကြီးတွင် ပါတီများက ကန့်ကွက်ထားသည့် ကြိုတင်မဲများကို ခိုင်လုံမဲအဖြစ် ထည့်သွင်းရေတွက်


တောင်ကြီး မြို့တွင် ပါတီလေးပါတီ မှ ကန့်ကွက်ထားသည့် ကြိုတင်မဲ တစ်ထောင်နီးပါးကို သက်ဆိုင်ရာ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က ညနေ ၄နာရီ နောက်ပိုင်း မဲရေတွက်သည့် အချိန်တွင် ခိုင်လုံမဲ အဖြစ် ထည့်သွင်း ရေတွက် သွားကြောင်း ရှမ်းပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ထံမှ သိရသည်။

“ပြည်တွင်းပြည်ပ ကြိုတင်မဲက တကယ်တော့ မြို့ နယ် မဲရုံကို ရောက်ရတာ။ ဒါကြောင့် မြို့ နယ်ကို မရောက် ဘဲ ရပ်ကွက် မဲရုံကို ရောက်လာတယ် ဆိုပြီး ကျွန်တော်တို့က ကန့်ကွက်လိုက်တာ။ အဲ့ဒါကို မြို့နယ် ကော်မရှင် ဥက္ကဋ္ဌ လည်း လက်ခံတယ်။ ဒါက ဥပဒေနဲ့လည်း မညီလို့ ထည့်သွင်း ရေတွက် ခြင်း မပြုဘူးလို့ ပြောထားတာ။ ညနေလေးနာရီ မြို့နယ်ရွေးကော်မှာ ကြိုတင်မဲ တွေရေတဲ့ အချိန်မှာ အဲ့ဒီ ကြိုတင်မဲ ထုတ်ကြီးက ရောက်လာ နေပြီး အဲ့ဒီမဲတွေကို ထည့်သွင်း ရေတွက်သွားတယ်” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရှမ်းပြည်နယ် ဥက္ကဌ ဦးတင်မောင်တိုးက The Voice သို့ ပြောကြားသည်။
အဆိုပါ ကြိုတင်မဲများမှာ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ) ၏ ကြိုတင်မဲ လက်မှတ်များဖြစ်ပြီး မဲအားလုံးမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ဆန္ဒပြုထားသည့် မဲလက်မှတ်များဖြစ်သည်ဟု ဦးတင်မောင်တိုးက ပြောကြားသည်။
“ဒီလိုဖြစ်တဲ့ အပေါ်မှာ ကျွန်တော်တို့ ပါတီတွေ အားလုံးက ကန့်ကွက်တယ်။ အားလုံး လက်မှတ်ထိုးပြီး ပြည်နယ် ကော်မရှင်ကို တိုင်မယ်။ ပြီးရင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဆီကို ထပ်ပို့မယ်” ဟု ဦးတင်မောင်တိုး က ထပ်လောင်းပြောကြားသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တောင်ကြီး မြို့နယ်တွင် ဝင်ရောက် ယှဉ်ပြိုင်ကြသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်( SNLD) ၊ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) နှင့် ပြည်ထောင်စု ပအို့ အမျိုးသားများ အဖွဲ့ချုပ် ပါတီ တို့က ကန့်ကွက်ထားခြင်း ဖြစ်ကြောင်း ယင်းပါတီ များထံမှ သိရသည်။

Credit To >>> The Voice News 

0 comments:

Post a Comment