13.11.15

NLD နှင့် ဆက်ဆံရေး ကောင်းမွန်သည့် UNA အဖွဲ့ဝင် တိုင်းရင်းသား ပါတီများက ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် နေရာ ၁၀၀ နီးပါး အနိုင်ရရှိထား

 ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်များအရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ(NLD) နှင့် ဆက်ဆံရေး ကောင်းမွန်သည့် စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) အဖွဲ့ဝင် တိုင်းရင်းသား ပါတီများက ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် ပြည်နယ် လွှတ်တော်များတွင် နေရာ ၁၀၀ နီးပါး အနိုင်ရရှိထားကြောင်း သတင်းရရှိသည်။



UNA အဖွဲ့ဝင် ပါတီများမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၊ မွန်အမျိုးသား ပါတီ၊ ရခိုင်အမျိုးသား ပါတီ၊ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ် ပါတီ၊ ကယန်းအမျိုးသား ပါတီ၊ ကချင်အမျိုးသားများ ဒီမိုကရေစီ ကွန်ဂရက်၊ ကရင်အမျိုးသား ပါတီတို့ ဖြစ်သည်။
UNA သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် မဟာမိတ် ဆက်ဆံရေး ရှိခဲ့သည့် ယခင် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) မှ အဖွဲ့ဝင်ပါတီ အများစု ပါဝင် ဖွဲ့ စည်းထားခြင်း ဖြစ်သည်။
နိုဝင်ဘာ ၈ ရက်က ပြုလုပ်ခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (SNLD) က  ပြည်သူ့လွှတ်တော် ၁၂ နေရာ၊ အမျိုးသား လွှတ်တော် သုံးနေရာနှင့် ပြည်နယ်လွှတ်တော် ၂၅ နေရာ တို့တွင် အနိုင်ရရှိထားကြောင်း သတင်းရရှိသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ပြည်သူ့လွှတ်တော် ၄၆ နေရာ၊ အမျိုးသား လွှတ်တော် ၁၄ နေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် ၉၆ နေရာတို့တွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က “ပြည်သူ့လွှတ်တော် ၁၂ နေရာ၊ အမျိုးသား လွှတ်တော် သုံးနေရာ၊ နောက် ပြည်နယ်က ၂၅ ပါ။ ဒါအကုန်လို့ ထင်တာပါပဲ။ ဒါပေမဲ့ အဲဒါတွေက နောက်ကျကန့်ကွက်တာတွေ ဘာညာလာဦး မလားတော့ မသိသေးဘူးပေါ့။ လက်ရှိ မဲစာရင်းရလဒ်တွေ အရတော့ ဒီလောက်ပေါ့” ဟု ပြောကြားသည်။
ရခိုင်အမျိုးသား ပါတီကလည်း ရခိုင်ပြည်နယ်တွင်း မြို့နယ် ၁၇ မြို့နယ် အပါအ၀င် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတို့ရှိ မြို့နယ်အချို့တွင် ရွေးကောက်ပွဲ ၀င်ခဲ့ရာ လက်ရှိတွင် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၄ ခုရှိ လွှတ်တော် အသီးသီးတွင် အနိုင်ရရှိထားကြောင်း ရခိုင်အမျိုးသား ပါတီ၊ ဗဟိုဌာနချုပ်က ထုတ်ပြန်သည့် အချက်အလက်များ အရ သိရသည်။
ထို့ပြင် ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ် ပါတီသည် ချင်းပြည်နယ်တွင်း မဲဆန္ဒနယ် ၁၂ နေရာတွင် ၀င်ပြိုင်ခဲ့ရာ ပြည်သူ့လွှတ်တော် နှစ်နေရာ၊ အမျိုးသားလွှတ်တော် နှစ်နေရာ  နှင့် ပြည်နယ် လွှတ်တော် နှစ်နေရာတို့တွင် အနိုင်ရရှိထားကြောင်း သိရသည်။
မွန်အမျိုးသားပါတီ (MNP) ကလည်း ပြည်သူ့လွှတ်တော် တစ်နေရာ အပါအ၀င် သုံးနေရာတွင် နေရာ ရရှိထားသည်။
UNA အဖွဲ့ဝင် တိုင်းရင်းသား ပါတီများမှ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ အကြား နိုင်ငံရေးဆိုင်ရာ တွေ့ဆုံ ဆွေးနွေးမှုများ မကြာခဏ ပြုလုပ်ခဲ့ဖူးသည်။
၂၀၁၅ ရွေးကောက်ပွဲ၌ မဲဆန္ဒနယ် အများစုတွင် NLD ပါတီက ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး CRPP မှ တိုင်းရင်းသား မဟာမိတ် ပါတီများနှင့် နားလည်မှု ယူနိုင်မည့် အခြေအနေ ရှိလာနိုင်မည်ဟု NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ မတိုင်ခင်က ပြောကြားခဲ့သလို ရွေးကောက်ပွဲတွင်လည်း ယခင် CRPP အဖွဲ့မှ ခေါင်းဆောင် အချို့ ၀င်ရောက် ယှဉ်ပြိုင်ရာ မဲဆန္ဒနယ်မြေများတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၀င်ရောက် ယှဉ်ပြိုင်ခဲ့ခြင်း မရှိပေ။
ရွေးကောက်ပွဲအလွန် ဒီမိုကရေစီရေးနှင့် ဖက်ဒရယ်ရေးတို့အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပူးပေါင်းဆောင်ရွက်ရန်ရှိကြောင်း UNA အဖွဲ့ဝင် တိုင်းရင်းသား ပါတီ အချို့ကလည်း ပြောကြားထားသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment