15.12.15

တရားဥပဒေ စိုးမိုးပြီး လုံခြုံသော လူမှုပတ်ဝန်းကျင်သစ် ဖန်တီးပေးနိုင်ရန် ပြည်ထောင်စုအဆင့်၊ တိုင်းနှင့်ပြည်နယ်အဆင့် အဖွဲ့အစည်းများကို မူပြောင်း၊ လူပြောင်း ဖွဲ့စည်းရန်လိုကြောင်း တရားစီရင်ရေး ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကို ဆွေးနွေး



တရားဥပဒေ စိုးမိုးပြီး လုံခြုံသည့် လူမှုပတ်ဝန်းကျင်အသစ် ဖန်းတီးပေးနိုင်ရန် ပြည်ထောင်စုအဆင့်၊ တိုင်းနှင့်ပြည်နယ်အဆင့် အဖွဲ့အစည်းများကို မူပြောင်း၊ လူပြောင်း လိုလားချက်နှင့်အညီ မျိုးဆက်သစ်များဖြင့် ဖွဲ့စည်းပေးရန်မှာ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၏ အမျိုးသားရေး တာဝန်ဖြစ်ကြောင်း တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက ဆွေးနွေးပြောကြားသည်။


ဒီဇင်ဘာ ၁၄ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ကော်မတီ၏ အစီရင်ခံစာအပေါ် ဆွေးနွေးရာတွင် သူရဦးအောင်ကိုက ထိုသို့ ထည့်သွင်းဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

တရားရေးမဏ္ဍိုင် ဖြောင့်မတ် ကြံ့ခိုင်ရေးသည် တရားဥပဒေ စိုးမိုးရေးအတွက် အခြေခံ လိုအပ်ချက်ဖြစ်ကြောင်း၊ မကြာမီ ပထမအကြိမ် လွှတ်တော်သက်တမ်း ပြီးမြောက်ကာ ဒုတိယအကြိမ် လွှတ်တော်သစ်ကို မျိုးဆက်သစ် အများစုဖြင့် ဖွဲ့စည်းပြီး ဥပဒေပြုရေး တာဝန်ကို ပခုံးပြောင်း ထမ်းရွက်ကြရမည်ဖြစ်ကြောင်း၊ တရားဥပဒေ စိုးမိုးမှု လွန်စွာ အားနည်းခဲ့သည့် မြန်မာ့လူမှု ပတ်ဝန်းကျင်မှာ လူမှုစီးပွားရေးဘ၀ မလုံမခြုံနှင့် နေထိုင်ခဲ့ကြရသည့် တိုင်းရင်းသား ပြည်သူများအတွက် တရားဥပဒေ စိုးမိုးပြီး လုံခြုံသည့် လူမှုပတ်ဝန်းကျင်သစ် ဖန်တီးပေးရန် လိုအပ်ကြောင်း သူရဦးအောင်ကိုက ပြောကြားသည်။

“ဒီလိုအပ်ချက်ကို ဖြည့်ပေးနိုင်ရန် ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် အဖွဲ့အစည်းများကို မူပြောင်း၊ လူပြောင်း လိုလားချက်နှင့်အညီ မျိုးဆက်သစ်များဖြင့် ဖွဲ့စည်းပေးရန်သည် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်ကြီး၏ အမျိုးသားရေး တာဝန်သာဖြစ်ကြောင်း တင်ပြလိုက်ပါတယ်” ဟု ကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကို ပြောကြားသည်။

သူရဦးအောင်ကိုက ကော်မတီ၏ အစီရင်ခံစာနှင့် ပတ်သက်ပြီး ဖြည့်စွက်ဆွေးနွေးရာတွင် ရန်ကုန်၊ မန္တလေးမြို့ကဲ့သို့ စီးပွားရေးမြို့တော်များ၌ မြေယာနှင့် ပတ်သက်သည့် အမှုများစွာ ဖြစ်ပွားနေကြောင်း၊ မြေပွဲစား၊ အမှုပွဲစားများက အုပ်စုဖွဲ့ပြီး ဌာနဆိုင်ရာများနှင့် ပူးပေါင်းကြံစည်ကာ အမှုအနိုင်ယူ အကျိုးအမြတ် ခွဲဝေယူနေကြကြောင်း၊ တရားရုံးနှင့် ဥပဒေရုံး တာဝန်ရှိသူ အချို့၊ အထွေထွေ အုပ်ချုပ်ရေး၊ စည်ပင်၊ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတို့မှ တာဝန်ရှိသူအချို့ ပါဝင်ကြကြောင်း ဆွေးနွေးပြောကြားသည်။

“ဒီတရားမမှုတွေက ၁၀ နှစ်၊ ၁၅ နှစ်မက ကြာမြင့်အောင် အချိန်ဆွဲ စစ်ဆေးကြတယ်။ ကြေးစားလူမိုက်တွေ ငှားရမ်းပြီး အင်အားဖြင့် မြေ၊ အဆောက်အအုံတို့ကို ကျူးကျော်ဝင်ရောက် သိမ်းပိုက်မှုတွေအထိ ပြောင်ပြောင်တင်းတင်း လုပ်ဆောင်ကြတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ အမှုများကို စုစည်းထားကာ ဒုတိယအကြိမ် လွှတ်တော်၌ ဆက်လက်တင်သွင်းသွားရန် ပြင်ဆင်ထားကြောင်း သူရဦးအောင်ကိုက ဆိုသည်။

တရားစီရင်ရေးတွင် အဂတိလိုက်စားမှုမှာ တရားသူကြီးမှ စာပို့လုလင်အထိ ပါဝင်ဆက်စပ်လျက် ရှိခြင်းကြောင့် ထင်သာမြင်သာ ဖြစ်အောင် ဖော်ထုတ်ရန် ခက်ခဲနေကြောင်း တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီက ဒီဇင်ဘာ ၈ ရက်က ပြည်သူ့လွှတ်တော်တွင် အစီရင်ခံစာ တင်သွင်းခဲ့သည်။

တရားစီရင်ရေးဟု ဆိုရာတွင် တရားသူကြီးများ သာမက တရားရေး ၀န်ထမ်းများ၊ ရှေ့နေများ၊ ဥပဒေ၀န်ထမ်းများ၊ တရားစွဲ အဖွဲ့အစည်းများ၊ ၀န်ထမ်း အကြီးအမှူးဖြစ်သော ညွှန်ကြားရေးမှူးချုပ်အဆင့် တာဝန်ထမ်းဆောင်သူများမှအစ ဆင့်စာလုလင်အထိ ပါဝင်ဆက်စပ်လျက်ရှိရာ ၎င်းတို့ အားလုံး၏ အဂတိ လိုက်စားမှုကို ထင်သာမြင်သာအောင် ဖော်ထုတ်နိုင်ရန်မှာ လွယ်ကူသောကိစ္စ မဟုတ်ကြောင်း ကော်မတီက လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းထားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးမှု လွန်စွာ အားနည်းနေသောကြောင့် ပြည်သူများ အနေဖြင့် လူမှုစီးပွားရေးဘ၀ လုံခြုံမှု မရှိဟု ခံစားနေရကြောင်း၊ တရားဥပဒေ စိုးမိုးမှု အားကောင်းလာစေရန် လိုအပ်ချက်များစွာ ရှိနေရာ တရားရေးမဏ္ဍိုင် ဖြောင့်မတ်ကြံ့ခိုင်ရန်သည် အဓိက လိုအပ်ချက်ဖြစ်ကြောင်း၊ လွတ်လပ်သော၊ ဖြောင့်မတ်ကြံ့ခိုင်သော၊ တရားမျှတသော တရားရေးမဏ္ဍိုင် ဖြစ်လာမှသာ ပြည်သူကို အကာအကွယ် ပေးနိုင်မည်ဖြစ်ကြောင်း၊ ထိုအခြေအနေမျိုး ရရှိနိုင်ရန်အတွက် တရားရုံး၊ တရားလွှတ်တော် အဆင့်ဆင့်ကို ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ ပြင်ဆင်ဖွဲ့စည်းနိုင်ရေး ၀ိုင်းဝန်းကြိုးပမ်းကြရန် လိုအပ်ကြောင်း ကော်မတီက သုံးသပ်တင်ပြထားသည်။

Credit To .>>> Eleven Media Group

0 comments:

Post a Comment