15.12.15

၂၀၁၆ တွင်လည်း အာရှစီးပွားရေး အကျပ်အတည်းများနှင့် ရင်ဆိုင်ရဦးမည်ဟု ဂျပန်ဘဏ္ဍာရေးလုပ်ငန်း သတိပေး


 အာရှစီးပွားရေးသည် ယခုနှစ်အတွင်း ရင်ဆုံကြုံတွေ့ရသော အခက်အခဲ၊ အကျပ်အတည်းများကို ၂၀၁၆ ခုနှစ်တွင်လည်း ဆက်လက်ရင်ဆိုင်ရဦးမည်ဟု ဂျပန်ဘဏ္ဍာရေးလုပ်ငန်း နိုမူရာက သတိပေး ပြောကြားလိုက်ကြောင်း CNA သတင်းဌာနတွင် ဖော်ပြထားသည်။

လာမည့်နှစ်တွင် ဂျပန်နိုင်ငံမပါ၊ ကျန်အာရှနိုင်ငံများ၏ စီးပွားရေး တိုးတက်မှုသည် ၅ ဒသမ ၇ ရာခိုင်နှုန်းတွင်သာ တန့်နေနိုင်ပြီး ၁၉၉၈ ခုနှစ် နောက်ပိုင်း အာရှဒေသ၏ စီးပွားရေးတိုးတက်မှု အနှေးဆုံးနှစ် ဖြစ်လာနိုင်သည်ဟု နိုမူရာက ခန့်မှန်းထားသည်။
“နိုင်ငံအများအပြားမှာ အတိုးနှုန်း စံချိန်တင် လျှော့ချခြင်းနဲ့ ရေနံဈေးနှုန်း ထက်ဝက်ကျဆင်းခြင်းတွေကြောင့် အာရှစီးပွားရေး တိုးတက်မှုနှုန်းဟာ ၅ နှစ်ဆက်တိုက် နှေးကွေးမှုနဲ့ ကြုံရလိမ့်မယ်လို့ ယူဆရပါတယ်” ဟု နိုမူရာ၏ ဂျပန်မပါ၊ အာရှနိုင်ငံများဆိုင်ရာ စီးပွားရေးပညာရှင် အကြီးအကဲ ရော့ဘ်ဆပ်ဘာရာမန်းက ပြောကြားသည်။
ပထမဦးစွာ တရုတ်နိုင်ငံကို ကြည့်မည်ဆိုလျှင် တရုတ်နိုင်ငံ အနေနှင့် ဘဏ္ဍာရေး မူဝါဒပိုင်း ဖြေလျှော့မှုများ လုပ်ဆောင်ထားသော်လည်း စီးပွားရေး တိုးတက်မှု နှေးကွေးခြင်းကို ကုစားနိုင်သည်အထိ လုံလောက်မှုရှိမည် မဟုတ်သဖြင့် လာမည့်နှစ်တွင် တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက်မှုမှာ ၅ ဒသမ ၈ ရာခိုင်နှုန်းသာ ရှိလိမ့်မည်ဟု နိုမူရာဘဏ္ဍာရေး လုပ်ငန်းက ခန့်မှန်းထားသည်။
ထိုကဲ့သို့ ကမ္ဘာ့ဒုတိယ စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက်မှု နှေးကွေးခြင်းမှာ ယင်းနိုင်ငံနှင့် ဘဏ္ဍာရေး၊ ကုန်သွယ်ရေးအရ ခိုင်ခိုင်မာမာ ချိတ်ဆက်နေသော နိုင်ငံများအပေါ် သေချာပေါက် သက်ရောက်မှု ရှိမည်ဖြစ်သည်။
အာရှစီးပွားရေး တိုးတက်မှုမှာ လူဦးရေဆိုင်ရာ စိန်ခေါ်မှုများနှင့်လည်း ရင်ဆိုင်နေရပြီး ယင်းစိန်ခေါ်မှုများမှာ လူအများစု သတိထားမိသည်ထက် လျင်လျင်မြန်မြန် ပေါ်ထွက်လာလျက် ရှိနေသည်ဟုလည်း နိုမူရာက သတိပေးထားသည်။
ထိုကဲ့သို့ လူဦးရေဆိုင်ရာ စိန်ခေါ်မှုများကြောင့် ကုန်ထုတ်လုပ်မှုအပေါ် ထိခိုက်ပြီး စီးပွားရေး တိုးတက်မှု နှေးကွေးရခြင်းကိုလည်း များမကြာမီကာလ အတွင်း ပြန်လည်ကုစားနိုင်ဖွယ် မရှိသေးကြောင်း နိုမူရာ ဘဏ္ဍာရေးလုပ်ငန်းက ပြောကြားသည်။
သို့ရာတွင် ၂၀၁၆ ခုနှစ် အတွင်း၌ တရုတ်၊ ဟောင်ကောင်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်နှင့် ထိုင်းနိုင်ငံတို့တွင်မူ အနည်းငယ် အားတက်ဖွယ်ရာ တိုးတက်မှုများ မြင်တွေ့ရနိုင်သည်ဟု နိုမူရာလုပ်ငန်းက ခန့်မှန်းထားသည်။
နိုမူရာက ခန့်မှန်းထားသည် စီးပွားရေး တိုးတက်မှုနှုန်း ကျဆင်းမည့် နိုင်ငံများတွင် စင်ကာပူနိုင်ငံလည်း ပါဝင်လျက်ရှိပြီး ယမန်နှစ်က တိုးတက်မှု၊ ဆုတ်ယုတ်မှု မရှိသော အနေအထားမှ လာမည့်နှစ်တွင်မူ စီးပွားရေး တိုးတက်မှုမှာ ၁ ဒသမ ၈ ရာခိုင်နှုန်းသို့ ကျဆင်းသွားဖွယ် ရှိနေသည်။

Credit To >>> The Voice Weekly 

0 comments:

Post a Comment