15.12.15

ရွေးချယ်ခံ အထက်မြန်မာပြည် NLD လွှတ်တော် ကိုယ်စားလှယ်များအား ပို့ချမည့် သင်တန်းများ ဦးတေဇပိုင် နေပြည်တော်ရှိ ရွှေစံအိမ် ဟိုတယ်တွင် ပြုလုပ်မည်



၂၀၁၅ ရွေးကောက်ပွဲတွင် ရွေးချယ်ခံခဲ့ရသည့် အထက်မြန်မာပြည်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်များအား ပို့ချမည့် သင်တန်းများကို ဦးတေဇပိုင် နေပြည်တော်ရှိ ရွှေစံအိမ် ဟိုတယ်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့၏ ဒီဇင်ဘာ ၁၄ ရက် ထုတ်ပြန်မှုအရ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့မှ လွှတ်တော် ကိုယ်စားလှယ်များကို ဒီဇင်ဘာ ၁၆ ရက်မှ စတင်၍ နေပြည်တော်ရှိ ရွှေစံအိမ် ဟိုတယ်တွင် သင်တန်းပို့ချမည် ဖြစ်သည်။

အဆိုပါ သင်တန်းနှစ်ခုကို ဦးတေဇပိုင် နေပြည်တော်ရှိ ရွှေစံအိမ် ဟိုတယ်တွင် ပြုလုပ်မည်ဖြစ်ပြီး အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် လီမိတက် (AGD Bank) က Sponsored ပေးခဲ့ခြင်းဖြစ်ကြောင်း သင်တန်း တာဝန်ခံဖြစ်သူ NLD ပါတီ ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

“ဟုတ်ပါတယ်။ ဒီသင်တန်းကို AGD Bank က Sponsored ပေးတာပါ။ တခြား ကုမ္ပဏီတစ်ခုလည်း ပါပါသေးတယ်။ ရွှေစံအိမ် ဟိုတယ်ကလည်း ဦးတေဇပိုင် ဟိုတယ်ဆိုတာ ဟုတ်ပါတယ်။ ကျွန်တော်တို့ အဖွဲ့ချုပ် ဥက္ကဋ္ဌက မြန်မာနိုင်ငံသား မဟုတ်တဲ့ ပြည်ပ အဖွဲ့အစည်းတွေရဲ့ အလှူငွေကို လက်မခံပါဘူး။ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေးအတွက် မြန်မာနိုင်ငံသား အားလုံး ၀ိုင်းဝန်း လုပ်ဆောင်ရမှာပါ” ဟု  ဦးမျိုးရန်နောင်သိန်းက ပြောကြားသည်။

NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့၏ ထုတ်ပြန်မှုအရ သင်တန်းများကို အပတ်စဉ် ငါးခုခွဲကာ ပို့ချသွားမည်ဖြစ်ကာ အပတ်စဉ်  ၄ နှင့် ၅ ကို ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်သွားမည်ဖြစ်ကာ မကွေးတိုင်း၊  ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်း အနောက်ခြမ်းတို့အတွက် ပြုလုပ်မည့် သင်တန်းနေရာကို ထပ်မံ အကြောင်းကြားမည် ဖြစ်ကြောင်း သိရသည်။

ရွေးချယ်ခံ NLD ပါတီ ကိုယ်စားလှယ်များကို သင်တန်းပို့ချမည့် သင်တန်းမှူး တစ်ဦးဖြစ်သည့် တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ဒီဇင်ဘာ ၁၆ ရက်မှ စတင်၍ သင်တန်းများကို ငါးသုတ်ခွဲကာ နေပြည်တော်၊ ရန်ကုန်၊ ပြည်မြို့ သုံးမြို့ တွင် ပို့ချသွားမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၁၂ ရက်က ပြောကြားထားသည်။

သင်တန်းများတွင် လွှတ်တော် အမတ်များ သိသင့် သိထိုက်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အခြားဥပဒေများ၊ ရေးရာကော်မတီများ၏ လုပ်ငန်းတာဝန်များ၊ နိုင်ငံတကာ ဆက်ဆံရေးများကို ပို့ချသွားမည်ဟု ဦးကိုနီက ပြောကြားသည်။

ထို့ပြင် သင်တန်း ပို့ချမည့် သင်တန်းမှူးများနှင့် ပတ်သက်ပြီး ဦးကိုနီက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် လွှတ်တော်အမတ်များ သိသင့်သည့် ဥပဒေများကို  ၎င်းကိုယ်တိုင် ပို့ချမည် ဖြစ်ကြောင်း၊ ပါတီ၏ စည်းမျဉ်း မူဝါဒများ၊ လွှတ်တော်ရှိ ရေးရာကော်မတီများ၏ လုပ်ငန်းတာဝန်များကို အမျိုးသားလွှတ်တော် အမတ် ဦးအောင်ကြည်ညွန့်က ပို့ချမည် ဖြစ်ကြောင်းနှင့် ဘတ်ဂျက်ရေးဆွဲမှုများ၊ ဘတ်ဂျက် ဥပဒေများ၊ နိုင်ငံတကာ ဆက်ဆံရေးများ၊ စီးပွားရေးနှင့် ပတ်သက်သည့် ကဏ္ဍများကို နိုင်ငံခြား တက္ကသိုလ်များတွင် ဘွဲ့ရရှိထားသည့် မြန်မာနိုင်ငံသား ပညာရှင်များက ပို့ချသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
 
 
Credit To >>> Eleven Media Group

0 comments:

Post a Comment